Monday, February 8, 2016

ညီမလေးသို့_Valentine_သတိပေးစာ

February ထဲဝင်လာတာနဲ့ လူငယ် လူရွယ် လူလတ်ပိုင်းအားလုံး အများဆုံးပြေးမြင်မိတာက ဗိုလ်ချုပ်မွေးနေ့တော့ ဖြစ်မည်မထင်ပါ။
ဘာနေ့လဲဆိုတာကိုတော့ ကျွန်မအား ပြန်မေးစရာလိုမည် မဟုတ်ပါ။

ဟုတ်ပါသည်။
Valentine Day ပါ။

Valentine Day လို့ ပြောလိုက်တာနှင့်  လက်ဆောင်ပစ္စည်း လှလှလေးတွေက မျက်လုံးထဲ စီစီညီညီ ဝင်လာကြတတ်တာက ငြင်းစရာပင်မလို။

လက်ဆောင်ပစ္စည်းနှင့်ပတ်သက်၍ အထူးသဖြင့် ညီမငယ်လေးများ မိမိကိုယ်ကိုယ် ပြန်မေးစရာ မေးခွန်း နှစ်ခုရှိသည်။

(1) Valentine မှာ လက်ဆောင်ရရုံနဲ့ သူ့ရဲ့အချစ်ကို မျက်ကန်းတစ္ဆေ ဆင်ကန်းတောတိုး အမှားအမှန် မဆင်ခြင်နိုင်လောက်အောင် ယုံပစ်လိုက်မှာလား။

(2) သူနဲ့ကိုယ်နဲ့ နှစ်ဦးစလုံးရဲ့ ဖြူစင်တဲ့ချစ်ခြင်းမေတ္တာရဲ့  သက်သေအဖြစ် Valentine day ရဲ့ လက်ဆောင်က မှတ်ကျောက်လေးတစ်ခု ဖြစ်စေမလား။

ပြောချင်တာကတော့ Valentine Day ဆိုတာကတော့ သာမန်နေ့ရက်ထဲက သာမန်နေ့လေး တစ်ရက်ပါပဲ။
ချစ်ခြင်းမေတ္တာကို တလွဲဆံပင်ကောင်း နည်းလမ်းတွေသုံးပြီး သက်သေပြရမယ့်နေ့မဟုတ်ဘူး ညီမလေး။

ချစ်ခြင်းမေတ္တာမှန်ရင် ဖြူစင်တယ်။ ရယူလိုမှု ပိုင်ဆိုင်လိုမှုတွေ ကင်းတယ်။ အရှက်နဲ့ရင်းပြီး သက်သေပြမှ အချစ်စစ်တာကို လက်ခံမယ်ဆိုရင်တော့ အလိမ်အညာစကားလုံးတွေနဲ့ မင်းဘဝကို ဖျက်မယ့် ပန်းဖျက်ပိုးတစ်ကောင်ဆိုတာ ညီမလေး သတိပြုမိစေချင်တယ်။ အထိအတွေ့မှာ သာယာပြီး တစ်ဘဝစာလုံး လောင်ကျွမ်း မီစာကုန်လို့ ဆီမခမ်းစေနဲ့ ညီမလေး။

မာယာတွေပေါတယ် ညီမလေးရေ။ အထူးသဖြင့် လူလိမ် လူညာတွေမှာ မာယာပိုပေါတယ်။
#အပေါစားဆန်တဲ့_ဆန္ဒတစ်ခုအတွက်_ပိုးဖလံလို_သိသိရက်နဲ့တော့_မီးကို_မတိုးပါနဲ့လား။
အပေါစားဆန်တဲ့_ဆန္ဒတစ်ခုအတွက် မိန်းမကောင်း မိန်းမမြတ်ဘဝကို လွယ်လွယ်နဲ့ စွန့်ပြီး နွားသိုးကြိုးပြတ် ထင်ရာမစိုင်းချင်နဲ့ ညီမလေး။

မနေ့ညက 7 day မှာ ၄၈နာရီ တစ်ရက်ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်ရတယ် တော်တော်လည်း ရင်နာမိတယ် ညီမလေး။  မြန်မာနိုင်ငံရဲ့ ဟိုတယ်အများစုဟာ မူးယစ်ဆေးသုံးစွဲသူနဲ့ sex ပျော်ပါးသူတွေနဲ့ ပြည့်နှက်နေပြီး နာရီပိုင်းကို ဝင်ငွေပေါင်းများစွာ ရနေသတဲ့လေ။ ရပ်ဝေးဒေသကလာပြီး ခဏတာ တည်းခိုချင်သူတွေအတွက် ညအိပ်ညနေတောင် အခန်းမငှားကြတော့ဘူးဆိုပဲ။ ထိုသူတွေဟာ တစ်ရက်မှာ ၂၄ နာရီ ရှိပေမယ့် တစ်နေ့ဝင်ငွေဟာ ၄၈နာရီစာလောက် တန်ဖိုးရှိနေတယ်လို့  ဆောင်းပါးရှင်က ရင်နာစွာရေးထားတာပဲ ညီမလေးရေ။ တခါတလေ မွုခင်းစာစောင် ယောင်ပြီးကိုင်ဖတ်လိုက်ရင် Rape case တွေ အရမ်းများနေတာကို တွေ့ရတော့ ရင်ထဲမကောင်းဘူး ညီမလေးရေ။

ညီမလေး တားဆေးတွေ လက်တစ်ကမ်းအလိုမှာ ဝယ်လို့ရအောင် သိပ်ပေါနေတဲ့ ခေတ်။
အမ ရှင်းရှင်းပြောမယ် ။
တားဆေးဆိုတာ ကိုယ်ဝန်မရအောင်တားနိုင်ပေမယ့် မိန်းမပျိုတစ်ယောက်ရဲ့ တန်ဖိုးကိုတော့ အနွုတ်လက္ခဏာပြအောင် ကျစေနိုင်တယ် ညီမလေး။ ဖြူစင်နေတဲ့ ဘဝတစ်ခုကို ညစ်ညမ်းသွားအောင် ကာလာစုံတွေ မခြယ်သနဲ့ ညီမလေးရေ။

ညီမလေးရေ...
စျေးနှုန်းလည်းချို အချိန်လည်းသက်သာ အမြန်လည်းစားရတဲ့ ready made အစားအစာတစ်ခုလို မင်းဘဝကို ပေါ့ပေါ့လေးနဲ့ သာယာမွုအောက် မျက်စိတမှိတ်ပဲကြည့်ပြီး မဆုံးဖြတ်လိုက်နဲ့.။
သူသာ တကယ်ကိုယ့်ကို တန်ဖိုးထားရင် ကိုယ့်ခန္ဓာကိုယ်ကို လက်မထပ်ခင် သိမ်းပိုက်ဖို့ ကြိုးစားမှာမဟုတ်ဘူး ဆိုတာ ညီမလေး နားလည်ပါစေ။

ညီမလေးရေ...
💑 ကိုယ့်ချစ်သူကို ယုံကြည်ပါ။ ဒါပေမယ့် ကိုယ့်အရှက်နဲ့ လဲပြီးတော့ မယုံကြည်ပါနဲ့ ညီမလေး။

💑 ကိုယ့်ချစ်သူကို ယုံကြည်ပါ။ ဒါပေမယ့် ကိုယ့်သိက္ခာကို ချနင်းပြီးတော့ မယုံကြည်ပါနဲ့ ညီမလေး။

💑 ကိုယ့်ချစ်သူကို ယုံကြည်ပါ။ ဒါပေမယ့် ကိုယ့်အိမ်မက်တွေကို ပျက်စီးသွားလောက်အောင်တော့ မယုံကြည်ပါနဲ့ ညီမလေး။

💑 ကိုယ့်ချစ်သူကို ယုံကြည်ပါ။ ဒါပေမယ့် ကိုယ့်မိဘမျက်နှာကို အိုမည်းသုတ်ပြီး မယုံကြည်ပါနဲ့ ညီမလေး။

Valentine နေ့လေးဟာ ညီမလေးတို့ စုံတွဲတွေအတွက်
ဖြူစင်တဲ့ချစ်ခြင်းမေတ္တာရဲ့ မှတ်ကျောက်လေးတစ်ခုသာ ဖြစ်ပါအောင် ကြိုးစားကြပါ။

                                                             (ရှင်မိုးနွယ်)