Thursday, February 18, 2016

အပြုံးတစ်ခုတိုးစေတဲ့နည်း

ရှေ့ရက်က အိမ်ပြန်တဲ့ဘတ်စ်ကား ဂိတ်ခဏထိုးရပ်တာနဲ့ ခရီးသည်တွေ တပြုံကြီးတိုးတက်လာခဲ့တယ်။ ကျွန်မဘေးမှာလာရပ်တဲ့ ရုံးဆင်းစစုံတွဲတစ်တွဲက ကျွန်မအကြည့်ကို ဖမ်းစားထားခဲ့တယ်။ လူများတာကြောင့်
ကောင်လေးက သူ့လက်မောင်းနဲ့ ကောင်မလေးလက်ကို မကြာခဏချိတ်နေခဲ့တယ်။ ပြီးတော့
အသံတိုးလေးနဲ့ "ပင်ပန်းခဲ့ပြီလား? ခဏနေကျရင် ဘာစားချင်လဲ?" လို့
မေးနေခဲ့တယ်။

ကောင်လေးအပြောကို ကောင်မလေးက စိတ်မရှည်သလိုနဲ့ "စိတ်ရှုပ်လိုက်တာ... ဘာစားမယ်ဆိုတာ အရင်ဆုံးဖြတ်မထားဘူးလား! ခင့်ကိုပဲ အမြဲမေးနေတော့တာပဲ"လို့ ပြန်ဖြေတယ်။

ကောင်လေးက အပြစ်ရှိသူတစ်ယောက်လို ခေါင်းလေးငုံ့ပြီး ကျွန်မစိတ်ထဲမှာ အစဉ်မှတ်မိနေစေမယ့် စကားတစ်ခွန်းကို ပြောခဲ့တယ်။

"ခင်ကို အမြဲမေးရတာက ခင်ကြိုက်တာကို မောင်လိုက်စားမလို့ပါ။ ပြီးတော့ ခင်ကျေနပ်သွားတဲ့အပြုံးကို မောင်မြင်ချင်လို့၊ နောက်ပြီး အလုပ်မှာ အဆင်မပြေခဲ့တာတွေ ခင်ခဏမေ့ထားနိုင်ဖို့ပါ။ အလုပ်ထဲထိ ခင်ကိုလိုက်ကူညီဖို့ မောင်မစွမ်းနိုင်ခဲ့လို့ မောင် အခုလို ပြောမိတာပါ"

ကောင်လေးစကားကိုကြားတော့ ကောင်မလေးက ရှက်ရွံ့ရွံ့နဲ့ "ဆောရီး..." လို့ ပြန်တောင်းပန်တယ်။

"ကိစ္စမရှိပါဘူး.. ခင်စိတ်ချမ်းသာရင် တော်ပါပြီ" ဆိုပြီး ကောင်လေးက ကောင်မလေးနဖူးကို ငုံ့နမ်းလိုက်တယ်။

ကျွန်မဆင်းမယ့် ကားဂိတ်ရောက်တော့ ကားပေါ်ကမဆင်းခင် သူတို့နှစ်ယောက်ကို ကျွန်မပြန်လှည့်ကြည့်မိတယ်။ ကောင်လေးက သူချစ်တဲ့ကောင်မလေးကို ကာကွယ်စောင့်ရှောက်ထားတုန်းပဲ။

ဒီလိုမြင်ကွင်းသာ မတွေ့ခဲ့မိရင်၊ ဒီလိုစကားသာ မကြားခဲ့မိရင် ကျွန်မလည်း ဒီနေ့အလုပ်မှာကြုံခဲ့တဲ့ရတဲ့ စိတ်ရှုပ်စရာတွေနဲ့ အိမ်ပြန်ရောက်ရင် ကိုယ်ချစ်တဲ့သူကို မျက်နှာရှစ်ခေါက်ချိုးနဲ့ စူပုပ်ပြတော့မယ်။ ကိုယ့်ခံစားချက်ကိုသာသိပြီး ကိုယ်အလိုမကျတဲ့မျက်နှာကို ဘုမသိဘမသိ ရင်ဆိုင်ရမယ့် တစ်ဘက်သားရဲ့ခံစားချက်ကို ကျွန်မလျစ်လျူရှူမိတော့မယ်။ ပြီးတော့ မရည်ရွယ်ဘဲ ကိုယ်နဲ့အရင်းနှီးလူကို စိတ်ထိခိုက်စေတော့မယ်။

ဒါကြောင့် အိမ်ထဲမဝင်ခင် "ဘတ်စ်ကားပေါ်က ကောင်မလေးလို ကိုယ့်စိတ်ရှုပ်စရာတာတွေကို တစ်ဘက်သားအပေါ် စုပုံချရက်သလား?"လို့ ကျွန်မကိုယ်ကျွန်မ မေးမိတယ်။ အလုပ်မှာ အဆင်မပြေခဲ့တာတွေ၊ တစ်ခြားလူနဲ့ မကျေနပ်ခဲ့တာတွေကို ကိုယ်ချစ်တဲ့သူတွေအပေါ် ပုံချပြီး ကျွန်မတို့ရဲ့ဆက်ဆံရေးကို မဆိုးဝါးစေချင်ခဲ့ပါဘူး။

ဒီလို ကိုယ့်ခံစားချက်ကို ကိုယ်ဖမ်းချုပ်မထားနိုင်ချိန်မှာ ဒီလိုအမေးမျိုးကို ကျွန်မတို့ သတိရသင့်တယ်။ ဒါဟာလည်း စိတ်ရှုပ်စရာအခြေအနေမှာ အပြုံးတစ်ခုတိုးစေတဲ့ နည်းဖြစ်တယ်။

Nilar Myint Aung