Monday, February 8, 2016

မောင်လေးဖတ်ဖို့

မောင်လေးရေ --------
မှန်ရှေ့မှာ ဆံပင်တသသနဲ့ သိပ်မလှချင်ပါနဲ့။
ယောက်ျားတို့ဘုန်းအစစ်အမှန်က
လက်ရုံးပါကွယ်။
.
မောင်လေးရေ--------
ယောက်ျားကောင်းဆိုတာ ဆိုခဲစေမြဲစေတဲ့။
စကားတစ်ခွန်းကို မိမိအသက်လို
တန်ဖိုးထားပါ။
.
မောင်လေးရေ------
အဖယုတ်တော့ အမူအယာကြမ်းတယ်
အမိယုတ်တော့ နှုတ်ကြမ်းတယ်တဲ့။
မိမိနှုတ်အမူအယာကြောင့်
မိဘကို မစော်ကားမိပါစေနဲ့နော်။
.
မောင်လေးရေ--------
မသွေးဘဲထားတဲ့ဓါးဟာ ပျက်ဆီးမှာပါပဲ။
လူမှန်ရင်တော့ အမြဲကြိုးစားနေရပါမယ်။
.
မောင်လေးရေ-------
မတတ်နိုင်တဲ့အဆုံး
မိန်းခလေးတယောက်နဲ့
လက်တွဲ ဖြုတ်ခါနီးတိုင်း
"အဲ့ဒီမိန်းခလေးသာ ငါ့အမဆိုရင်"
ဆိုတဲ့အတွေး အမြဲရှိနေပေးပါ။
.
မောင်လေးရေ--------
ငွေမရ နိဗ္ဗာန်မရနိုင်တဲ့ အငြင်းပွားမှုမျိုးကို
ဘယ်တော့မှမလုပ်ပါနဲ့။
လေကုန်တာပေါ့ကွယ်။
.
မောင်လေးရေ---------
လှတိုင်းလည်းမကြိုက်နဲ့။
ရတိုင်းလည်းမလိုက်နဲ့။
လှတိုင်းကြိုက်တော့ ချစ်ဇောကမပြယ်၊
ရတိုင်းလိုက်တော့ ရင်မောရတယ်။
.
မောင်လေးရေ-------
အဆဲလဲမသန်နဲ့။
အမြဲလည်းမမှန်နဲ့။
အဆဲသန်တော့ ခဲမှန်မယ်။
အမြဲမှန်တော့ ရွာအပြင်ထုတ်ခံရတယ်။
ရေလိုက်ငါးလိုက်ပေါ့ကွယ်။
.
မောင်လေးရေ-------
ယောက်ျားကောင်းမောင်းမတစ်ထောင်
ဆိုပေမယ့်
ရေစိုခံနာရီဆိုပေမယ့်
ရေစိမ်ထားဖို့မှ မဟုတ်တာ။
.
မောင်လေးရေ-------
စကားအမြဲမဖွာနဲ့၊ တရားအမြဲနာပါ။
စကားဖွာတော့ လူမုန်းများတယ်။
တရားနာတော့ အပယ်မလားဘူးကွယ်။
.
မောင်လေးရေ-----
ယောက်ျားမှန်ရင် အကြွားမသန်ဘူး။
ဖောက်ပြားပြန်ရင် အခုမယား မခံဘူးတဲ့။
ဒုက္ခအပိုမရှာပါနဲ့ကွယ်။
.
မောင်လေးရေ-----
ကြိုးစားရင်ဘုရားတောင်ဖြစ်တဲ့
ယောက်ျားသားဘဝမှာ လူ့ဘဝရတုန်း
လောကီ လောကုတ္တရာရေးရာမှာ
အမြဲ"အောင်နိုင်သူ"
တစ်ယောက်ဖြစ်ပါစေလို့-----။
.
ချစ်တဲ့မမ မဟူရာ။
.
Post by ..,.. မဟူရာ နတ်သမီး