Friday, February 19, 2016

''ဗေဒါလမ်း (၁၃) – ဆိုင်ခင်းလျက်ပဲ ''

အညာလှေ။
အညာမြေကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ထန်းလျက်ခဲရယ်နဲ့
ပဲမျိုးစုံကြုံလေခိုက် ၊ ဝယ်လိုက်ပါလား. . .တဲ့။

တံငါလှေ။
တံငါမြေကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ပုစွန်ကျားရယ်နဲ့
ငါးမျိုးစုံကြုံလေခိုက်၊ ဝယ်လိုက်ပါလား.. . တဲ့။

ကမ်းစပ်မှာ မြှောင်။
အိုးဖောင်ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ရာဝင်အိုးရယ်နဲ့
အိုးမျိုးစုံကြုံလေခိုက်၊ ဝယ်လိုက်ပါလား .. .. တဲ့။

ကမ်းစပ်မှာမြှောင်။
ဝါးဖောင် ကုန်ရောင်းဖို့၊ ဒီချောင်းမှာနား။
ခယင်ဝါးရယ်နဲ့
ဝါးမျိုးစုံ ကြုံလေခိုက်၊ ဝယ်လိုက်ပါလား .. .. တဲ့။

ဒီလမ်းက ပန်းဗေဒါ။
ဆန်ရေစုန်ရေနဲ့
ထုံပေပေသူမနား၊ သွားရခါခါ။
ပါပါစ ရောင်းစရာ၊ ပါရှာဘု သူတို့နဲ။
အပြာမှာ အဝါကွက်ကယ်နဲ့
အတက်မှာသူရွှင်ပြပေမဲ့၊ ကျလည်းလေ သူမငြင်းရှာဘု
ဒီချောင်းရေ ကောက်ကစင်းမှာ
ဆိုင်ခင်းလျက်ပဲ။ ။



ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ – ၁၉၆ဝ)