Thursday, February 11, 2016

ရိုစီ

တစ်ခါမှ
မိန်းမကောင်းဟန်မဆောင်ခဲ့သူ ရိုစီ
တွေ့ဘူးသမျှထဲက အကောင်းဆုံးမိန်းမ

သတ္တိဆိုတာ
အမှန်ကိုရင်ဆိုင်ခြင်းပဲဆိုတဲ့ မင်းစကား
ငါ့ပါးကို ဖြတ်ရိုက်ခဲ့

ဘယ်အချိန်တွေ့တွေ့
ဘယ်သူနဲ့ တွေ့တွေ့
ဟုတ်ကဲ့ ကျွန်မ ရိုစီပါ
သိပ်သစ္စာကြီးတယ်

ကျွန်မလား
ဘယ်တော့မှအလုပ်ကိုဝတ်ကျေတန်းကျေ မလုပ်ဖူး
မတန်ဘူးထင်ရင်
ရှင့်ပိုက်ဆံရဲ့နှစ်ဆပြန်ယူသွားလို့ ရတယ်
တစ်ခုပဲ
နည်းနည်းလေးမှ အနိုင်မကျင့်နဲ့
ခဲတံနဲ့ လည်း လေပြွန်ဖောက်ပစ်လိုက်လို့ ရတယ်
စီးကရက်အစီခံမီးတို့ပြီး ပြားလိုက်ရင်
လည်ပင်းကအသားကိုလှီးလို့ ရတယ်
တစ်ယောက်တည်းရပ်တည်နေတာ
ရှင့်ဘက်ကသာ ယဉ်ကျေးလိုက်
အသည်းခိုက်သွားစေရမယ်
ချစ်တတ်အောင်သင်ပေးနိုင်တဲ့ နတ်ဘုရားမ
ယဉ်ယဉ်လေး လှသူ
အာရှဂုဏ်ဆောင် လိင်အလုပ်သမ
ငါ့ညီမအရင်းသာဖြစ်လိုက်ပါတော့လေ

ငါ့စီးကရက် ဆွဲယူဖွာရှိုက်
အသက်တိုမှာမကြောက်ဖူးလားတဲ့
မီးခိုးရောယှက် စကားဆို
ငါ မင်းကို
ကိလေသာထက်ပိုအောင်ချစ်မိခဲ့ပါပေါ့

ရှင့်ပိုက်ဆံတွေ မနှမျောဘူးလား
ငါမင်းကို စကားပြောချင်ယုံပါပဲ
တသိမ့်သိမ့်လှုပ်လို့ ရီုစီရယ်တော့တယ်
မျက်နှာလွှဲပြီး ပြောတဲ့ စကား
သနားစရာပဲ

ဟုတ်ပါရဲ့
အဲဒီပိုက်ဆံ ငါးသောင်းကို
သုံးလတိတိစုခဲ့ရပါတယ်
ငါ့စကားကို နားထောင်ဖို့
ငါ့ကိုစကားပြန်ပြောဖို့ အတွက်
ရက်ရက်စက်စက်တန်ပါတယ်
ရီုစီတည်ငြိမ်သွား
မျက်လုံးအရောင်ပြောင်းသွား
ခါးဝင်းဝါဆွဲဖုံး
အပါ်ထည်ကောက်ဝတ်
ငါ့ကိုညင်သာ ဆွဲယူပွေ့ဖက် တော့
မိခင်လိုမော့ကြည့် ငါငိုတယ်
သူ့ ရင်တခို ရွှဲရွှဲစိုသွားတဲ့အထိ
နှစ်ရှည်မိုးခေါင်ကုန်းရိုးတလျောက်
အငြိုးနဲ့ဖြိိုးဖြိုးဖြောက် မိုးရွာသလို 
ငါ့အမေ သေရွာကပြန်လာသလို
ရေတွေ့ တဲ့ ဖားလို
သုံးဆယ့်ငါးနှစ်စာ ငါငိုတယ် 

သူ့ မျက်လုံးကို မော့ကြည့်တော့
သွေ့ခြောက်ကြည်လင် ပကတိမေတ္တာရှင်
ရီုစီဘာလို့ မငိုတာပါလိမ့်
မမေးပဲနဲ့ ရီုစီက ဖြေတယ်
တစ်ဘဝလုံးစာ ကျွန်မ ငိုပြီးသွားပါပြီ
ပြီးတော့
ရှင့်မျက်ရည်တွေရဲ့ မြစ်ဖျားခံရာအထိ
ကျွန်မ သိတယ်
မေ့ပစ်လိုက်ပါ
ကျွန်မအခု ရယ်စရာတွေ ပြောပြမယ်

ကျွန်မဟာ
အာရှရဲ့ တန်ဘိုး
တိုင်းပြည်ရဲ့ စံ
အားလုံးရဲ့ ဂျီဒီပီ
ကျူးကျော်တို့ ရဲ့ ဘုရင်မ
နဲ့ မော်ဒယ်
အမြင့်မားဆုံးဝယ်လိုအား
အချိန်ကိုက်ဖောက်ကားမှု
သမနိရှည်စီးပွားရေး
သမ္မာအာဇီဝရဲ့ ကျက်သရေ
ရီုးသားမှုရဲ့ ပြယုဂ်
သန့်ရှင်းသောအမွေအနှစ်
ရာဇဝတ်မှုလျော့ချရေး 
ယဉ်ကျေးစေသူ မိခင်
ဆုတောင်းပြည့်စေသူ ကဝေမ
နှမချင်းစာနာစိတ်တို့ အရင်းခံ
စားသုံးသူအမြဲမှန် စွန့် ဦးရှင်
တော်ပါတော့ကွယ် ရီုစီရယ် 

ငါ ပေါ့ပါးသွားခဲ့ရ
ကော်ဖီသောက်ကြစို့ ရီုစီ
မင်းအတိတ်တွေပါ ထည့်ဖျော်ခဲ့ဆိုတော့
မြားတစ်စင်းလိုဒိုင်းကနဲကြည့်တယ် ရီုစီက
နှုတ်ခမ်းလေးတွန့်ရုံပြုံးရဲ့
လွမ်းအောင်ပြောရမလား
နာအောင်ပြောရမလား
ရှင်ကြားဖူးပြီးသားဇာတ်လမ်းတွေ
တစ်ရာမှာရှစ်ဆယ်လောက်က
ခေါင်းစဉ်တူတွေချည်းပါပဲ
ပြီးတော့
ရှင်ပေးထားတဲ့အထဲမှာအဲဒီအတွက်မပါဘူးလေ
ခဏစဉ်းစားပြီးမှ စိတ်ပြောင်းသွားရှာတယ်
ကောင်းပြီလေ
ရှင်က ဆင်းရဲသားဆိုတော့
အမှန်တရားနဲ့ ထိုက်တန်ပါပေတယ်  

တရားခံက ကျွန်မပါ
ရုပ်ရှင်ထဲကလို ပထွေးလည်းမရှိပါဘူး
အမေကလည်းဘွဲ့ ရ ပါပဲ
ပညာတတ်လို့ မပြောဘူးနော် 
ဒါပေမယ့်
ကျောင်းမှာမသင်တဲ့ဘာသာရပ်ကိုပဲ
ရီုစီအသည်းအသန်ဖြစ်ခဲ့တယ်
ဝမ်းကွဲတွေရဲ့အိပ်ခန်းဟာ
ကျွန်မရဲ့ လက်တွေ့ခန်းတွေပဲ
ဆယ့်သုံးနှစ်ကနေ ဆယ့်ရှစ်နှစ်အထိ
အဖေ ဘုန်းကြီးဝတ်သွားတဲ့အထိ
အမေဘိုင်းခနဲ လဲသေသွားတဲ့အထိ
ကိုယ်ဝန်ပျက်ကျ ဆေးရုံတက်ရတဲ့အထိ
မိဘမဲ့ဂေဟာရောက်သွားတဲ့အထိ
အဲဒီကထွက်ပြေးတဲ့အထိ
ကယ်တင်ရှင်အတုတွေ တွေ့ တဲ့အထိ
ခေါင်းပုံဖြတ်ခံရတဲ့အထိ
တော်လှန်တတ်လာတဲ့အထိ
ဖျားနာနေတဲ့အထိ
ကျန်းမာရေးပြန်လိုက်စားတဲ့အထိ
အခုရှင်နဲ့ တွေ့ နေတဲ့အထိ
နောက်ထပ်ဘာသိချင်သေးလဲအထိ

စနိုက်ပါတစ်ယောက်ရဲ့ကျည်ဆံတွေလို
မျှော်လင့်မထားတဲ့မေးခွန်းတွေ
ပညာရေးစနစ်ကိုရှင်ဘယ်လိုမြင်သလဲ
လူမှုအသိုင်းအဝန်းကိုဘယ်လိုထင်သလဲ
ဘွဲ့ ရ နဲ့ ပညာတတ် သဲကွဲသလား
အပျိုဖော်လူပျိုဖော်ဝင်စ
သွေးသားဆန္ဒ ဖြတ်ကျော်ပုံနည်းလမ်းများ 
မထိရောက်တဲ့ပန်းဖလက်များ
ရပ်ကွက်ဗွီဒီယိုရုံကအသံများ
အလင်းရောင်မလုံလောက်မှုများ
ဝင်းခြံမလုံလောက်မှုများ
အိမ်ရှိလူကုန်အလုပ်ထွက်လုပ်ရခြင်းများ
ရီုစီရဲ့ အတွင်းသားတွေ
အရိုးသားဆုံးရီုစီရဲ့ အတွင်းသားတွေ
ဟား   
ငါ့ကိုခဏ နားခွင့်ပေးပါဦး ရီုစီ

ရီုစီရဲ့ စကားတွေနဲ့
ငါ တရားထူး ရ ခဲ့
ရီုစီရဲ့ မေးခွန်းများနဲ့ သွေးစွန်းသွားခဲ့တဲ့ ငါ 
မင်းလက်နှစ်ဖက်လေးခဏကိုင်ထားပါရစေ 
မင်းမျက်ဝန်းတွေခဏပြန်ကြည့်ပါရစေ 
အဲသလိုမျိုးလင်းလက်မှုတွေ ငါငတ်နေတာပါ 

ခဏကြာတော့
ရီုစီထသွားပြီး မျက်နှာသစ်တယ် 
သူ့ စိတ်ကို လျော်ဖွတ်နည်းတစ်မျိုးထင်ရဲ့ 
သူ့ ဆံပင်တွေ ဖြီးသင်နေပြန်တယ် 
ငါတို့ အသံမဲ့လေလေ
နားလည်မှုရေချိန်မြင့်လေလေလား
သွားပေါ်တဲ့အထိပြုံးပြလိုက်ပြန်တယ်
ဖြူစင်လှချည့်
ကြီးမြတ်လှချည့်
သူ့ ပေါင်သားထက်သူ့ သွားတွေကပိုဖြူစင်
သူ့ ရင်သားထက်သူ့ မျက်လုံးတွေပိုကြီးမြတ်
အတွေ့အထိထက် အတွေးအမြင်ပိုပြင်းထန်တဲ့
ရီုစီရဲ့ ည
တစ်ခေတ်လုံးရဲ့ဖြတ်ပိုင်းမျဉ်းကိုငါရခဲ့
ငါ့အရေပြားကိုဆွဲလှန်ပစ်ခဲ့သူ
ရီုစီ့ခန္ဓာရှိုက်ဖိုထက်
ရီုစီ့ဘဝကွန်တိုဟာ
ဘယ်နှယောက်ကို ကိုယ်စားပြုနေပါသလဲ 

ငါဘယ်လိုအိပ်ရမလဲရီုစီရယ်
ကျွန်မတစ်ရေးအိပ်လိုက်ဦးမယ်ဆိုတာကို
ခေါင်းညိတ်ပြရုံလောက်ပဲတတ်နိုင်တယ်

နှစိခြိုက်စွာအိပ်မောကျနေသော အို ရီုစီ
အလှဘုရားမလေးရေ
တိုင်းပြည်ရဲ့ကျောက်မျက်ရတနာလေးရေ
သန်းခြောက်ဆယ်ရဲ့ဂုဏ်ထူးဆောင်လေးရေ
အောက်ဆုံးအလွှာရဲ့အောင်လက်မှတ်လေးရေ
အိပ်မက်ထဲမှာကျောင်းပြန်တက်နေပြီလားကွယ်
ကောင်းမွန်တဲ့မိဘ
သန့်ရှင်းတဲ့ပတ်ဝန်းကျင်
ထိရောက်အသုံးဝင်တဲ့ပညာရေးနဲ့
မင်းရဲ့အပျိုဖော်ဝင်စ ကို 
လှလှပပဖြတ်ကျော်နေရော့ပေါ့
အကြာကြီးအိပ်ပါကွဲ့ ငါ့ ရီုစီ
ပြည့်စုံကုံလုံတဲ့
အိပ်မက်ထဲမှာ အကြာကြီးနေပါဦး
မင်းနိုးသွားမှာစိုးလို့
ငါအံမကြိတ်ဘူး
တက်မခေါက်ဘူး
မီးတောက်နေတဲ့မျက်လုံးများနဲ့
ဘယ်ယန္တရားကိုမှ ငါမကြည့်ပါဘူး
တန်တဲ့ဘဝကိုပဲငါတို့ ရ ခဲ့ကြပါတယ်

အိပ်နေရင်းနဲ့
ခစ်ခနဲတစ်ချက်ရီုစီရယ်ပြန်တယ် 
မင်းပျော်နေတာ သေချာတော့
ငါ့မှာနာကျင်ခံစားရပြန်တယ်
ရီုစီရေ 
ရီုစီရေ 
ငါ့မျက်လုံးတွေ မှိတ်
တိတ်တိတ်လေးတိုးတိုးလေး ငါခေါ်နေ 
ရီုစီရေ
ရီုစီရေ 
ဘုရားဘုရား 
ရီုစီတွေက အများကြီးပါလား
ခြောက်ခြားလှချည်ရဲ့ 

နောက်ဆုံးခြောက်ခြားခြင်းပဲဖြစ်မှာပါလေ

ရီုစီမနိုးအောင်အသာအယာ ထ
မျက်နှာတဝကြီး သစ်ပစ်လိုက်ရတယ် 

မျော်လင့်သလိုမဖြစ်တာဟာခေတ်ရဲ့ပေတံလား
ရီုစီနိုးသွားခဲ့ပါပြီ

ကလေးလေးတစ်ယောက်လိုဇဝေဇဝါနဲ့
ဘေးဘယ်ညာကြည့်နေရှာတယ်
သဘောပေါက်လွယ်တဲ့ရီုစီဟာ
ငါ့ကိုပြုံးပြဖို့ လိုက်ရှာနေပုံပါ
အခန်းထောင့်အမှောင်ထဲ
ခုံတစ်လုံးဆွဲထိုင်နေတဲ့ငါ့ကိုတွေ့မှ 
သက်ပြင်းဖွဖွချနိုင်တယ်
ဘယ်အသက်အရွယ်အထိမင်းလှမှာမို့လဲရိုစီ
ငါ့အတွေးကိုမျက်လုံးဝင့်ကြည့်တယ်
ပြီးတော့တစ်ခွန်းချင်းပြောတယ်
ကျွန်မဘဏ်မှာပိုက်ဆံစုထားတယ်
အိုး ရီုစီ
မင်းဟာငါ့ကိုပျော်ရွှင်စေသူပဲ
ငါ့သောကကိုချေဖျက်နိုင်သူပဲ
မျက်လုံးကိုဖတ်နိုင်တဲ့စုန်းမပဲ
ငါ့ကိုယ်ငါသာမုန်းခွင့်ပြုပါကွယ် 

ရီုစီရေ
မိုးလင်းတော့မယ်
မဲမှောင်တဲ့မင်းအခန်းလေးဆီမင်းပြန်ဖို့ သင့်ပြီ
တစ်ခုတည်းသောမင်းပြူတင်းပေါက်ကို
ဖွင့်ထားပြီးမှ နားပါလေ
တခြားလူတွေလိုလိုက်မပို့ နိုင်တာခွင့်လွှတ်ပါ
ငါအပြင်မထွက်တာနှစ်များစွာ ကြာပြီ

အဲဒီနှစ်များအတွင်း
မင်းဟာ
ပထမဆုံးနဲ့ နောက်ဆုံးမိတ်ဆွေပါ

ဘာ
အပြစ်ဝန်ခံရမယ် ဟုတ်လား
မင်းကသင်းအုပ်ဆရာလားကွ
ရှင်အမှားတစ်ခုခုကျူးလွန်မထားပဲ
အခန်းထဲမှာဒီလောက်အကြာကြီးမနေဘူး
သွားစမ်းပါ အပျက်မ ရီုစီရယ်
ငါ့ကိုဒေါသထွက်အောင်မလုပ်ပါနဲ ့
ဒါဆိုကျွန်မလည်း မပြန်တော့ဘူး
ရီုစီ ထိုင်ချလိုက်လေရဲ့
အရုဏ်မလာခင်အမေှာင်ဆုံးအခိုက်အတန့် မှာ
ကြောက်မက်ဖွယ်ရာ တိတ်ဆိတ်ငြိမ်သက်
ရီုစီနဲ့ ငါ
အတော်ကြာကြာအထိ
အသံမဲ့အားပြိုင်နေမိကြ
ဗြုန်း ဆို
ပြူတင်းပေါက်ကိုရီုစီပြေးဖွင့်တယ်
အား   
ရီုစီ မလုပ်နဲ့  မလုပ်နဲ့  အခုချက်ချင်းပြန်ပိတ်
ရီုစီရေ
ငါအရှုံးပေးပါပြီကွယ်
ငါပြောပြပါ့မယ် 
အဲဒီပြူတင်းတံခါးကိုပိတ်ပြီး
ငါ့အနားမှာလာထိုင်ပါ

ငါဟာ 
အလင်းရောင်ကိုမကြည့်နိုင်တော့တဲ့ မျက်လုံးပိုင်ရှင်ပါ
ငါ့မျက်လုံးတွေဟာ
အလင်းဒဏ်ကိုမခံနိုင်တော့ပါဘူး
အမှောင်ထဲမှာလည်းမနေချင်တော့ပါဘူး ရီုစီရယ်
ဘယ်မှာဖြစ်ခဲ့တယ်
ဘယ်သူတွေလုပ်ခဲ့တယ်ဆိုတာလည်း
မင်းမသိချင်ပါနဲ့ တော့
မပြန့် ပွားသင့်တဲ့အထဲမှာ
အမုန်းတရားလည်းရှေ့ဆုံးက ပါတယ်
မထွန်းကားသင့်တဲ့စနစ်ထဲမှာ
သည်လောအော့ ဖှစ်ရှ် လည်းရှေ့ဆုံးက ပါတယ်
ငါဘယ်သူ့ ကိုမှ မနာကျည်းပါဘူး
ဘယ်သူ့ ကိုမှလည်း
ငါ့အတွက်မနာကျည်းစေချင်ပါဘူး
ငါ့သမိုင်းကို ငါ ရေးပြီးပါပြီ

ငါဟာ
နောက်ဘဝမှာ
အလင်းရောင်ထဲမှာနေနိုင်မှာ သေချာရဲ့
ငါကျောင်းပြီးအောင်တက်နိုင်မှာလည်းသေချာရဲ့ 
ငါ့မိဘတွေကို
စိတ်မဆင်းရဲစေမှာလည်း သေချာရဲ့
စနစ်ပြောင်းပြီးခေတ်ကောင်းနေမှာလည်းသေချာရဲ့     
ပြီးတော့
မင်းနဲ့ ပြန်တွေ့ မှာလည်း သေချာရဲ့
သန့်စင်တဲ့နှင်းဆီပန်းလေးအဖြစ်နဲ့ ပေါ့
အိုး ရီုစီရေ
မင်းဟာ
ငါတွေ့ ဖူးသမျှထဲမှာ
အညင်သာဆုံးတစ်ယောက်ပါ
ငါ့ကိုကျေနပ်စေသူ
ငါ့ဘဝရဲ့ ဉာဏ်အလင်း
ခေတ်ရဲ့ကြေးမုံပြင်
တိုင်းပြည့်လည်ဆွဲလေးရီုစီရေ
မင်းပြန်လို့ ရပြီ မဟုတ်လားကွယ်

ရီုစီဟာ
အသာအယာထိုင်ပြီး
ငါ့ကိုကန်တော့နေလေရဲ့
အသာအယာပြန် ထ ပြီး
ခြေညီညီရပ်
ခါးမတ်မတ်နဲ့
ဖြောင်းကနဲငါ့ကိုအလေးပြုလိုက်  ပါလေရော
အကြာကြီး
သူ့ မျက်ခုံးမွေးနားက သူ့ လက်ဖဝါး
တဆတ်ဆတ် တုန် လို့

ငါလည်းဖြောင်းကနဲပြန်အလေးပြုလိုက်တယ်

ငါ့နှုတ်ခမ်းကိုတင်းတင်းစေ့
အံကြိတ်ထားတယ်
မငိုဘူး
ငါ မငိုတော့ဘူး
ငိုစရာလည်းမလိုတော့ဘူးလေ  
ခေတ်ကြီးတစ်ခုလုံးကို ကိုယ်စားပြုထားတဲ့
တိုင်းပြည့်မျက်ရွဲ ရင်ခွင်ထဲမှာ
ညဦးပိုင်းကတည်းက
ဝအောင်ငိုခဲ့ရပြီးပြီ
ငါ့လက်ကိုအောက်ပြန်ချတယ်
သက်ပြင်းချတယ်
ရီုစီ့ကိုနောက်ဆုံးအနေနဲ့ ပြုံးပြတယ်
ကုတင်ပေါ်မှာ
အသာအယာလှဲနေလိုက်တော့တယ်

စလင်းဘက်ကိုလွယ်လိုက်တဲ့ရီုစီဟာ
အခန်းတံခါးကိုပြန်ပိတ်ပေး
တဒေါက်ဒေါက်နဲ့ ပြေးဆင်းသွားလေရဲ့
ငါတစ်ယောက်တည်းပြုံးလိုက်တယ်

နောက်တစ်နေ့ ညနေမှာ
ခြေသံတဒေါက်ဒေါက်ပေးပြီး
ရီုစီပြေးတက်လာဦးမှာ ငါသိတာပေါ့
ကုတင်ပေါ်ကငါ့ရုပ်အလောင်းရဲ့
အသုဘရှင်အဖြစ်နဲ့ လေ

သူ့ အစ်ကိုပါ လို့ သူပြောမယ်
တစ်ခေတ်ထဲမွေးတဲ့
မောင်နှမအရင်းတွေပါလို့ သူ ပြောမယ်
တစ်ခေတ်လုံးကိုယ်စား
ငါ့အလောင်းကိုကောင်းကောင်းသင်္ဂြိုဟ်ပါလိမ့်မယ်
သူ ငိုမှာမဟုတ်ဘူး
ကျေးဇူးအထူးတင်ပါတယ် ရီု စီ ။               ။

ကိုဇော်(ကလေးမြို့)