Friday, February 19, 2016

''ဗေဒါလမ်း (၅) – တက်ချိန်နှင့်ကျချိန် ''

ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး
ကမ်းစပ်ကိုကြဥ်
ကွင်းပြင်ကို စားကျက်ပြောင်းကြပေါ့
ချောင်းအောက်ခွင် ပင်လယ်ဝမှာ ဒီကြွပြီလေး။

ကနန်းမရွှံ့စိုစို၊ တစ်ကိုယ်လုံးနီထွေး။
တွင်းဝလတာပြင်က
ခရာပြင် တွယ်ကာတက်လေပေါ့
တောင်တက်ခွင် ပင်လယ်စွန်းမှာ ဒီတွန်းပြီလေး။

ပုစဥ်းကောင်၊ အတောင်ကငွေမှေး
ကမ်းစပ်ကျူတစ်ရုံက
လူမလုံ၊ သူခုန်ထွက်လေပေါ့၊ ဒီတက်ပြီလေး။

ဒီတက်ချိန်တန်၊ ဆန်လာပေါ့ ဗေဒါပန်း
ကျူရိုးရှင် ကျူတံတီး၊ ဆီးကြိုလို့လွမ်း။
ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး
ကမ်းစပ်မှာငိုင်
သူ့လည်တိုင်စွေတစောင်းနဲ့
ရေတံငါအစာချောင်းပြန်ပေါ့၊ ဒီညောင်းပြီလေး။

ကနန်းမရွှံ့စိုစို၊ တစ်ကိုယ်လုံးနီထွေး
လက်မတစ်ထောင်ထောင်နဲ့
တွင်းဘောင်မှာ မင်းယောင်ခင်းပြန်ပေါ့ ၊ဒီဆင်းပြီလေး။

ပုစဥ်းကောင်၊ အတောင်ကငွေမှေး
ကျူရုံမှာ သူလှုံခ ပြန်ပေါ့ ၊ဒီကျပြီလေး။
ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ ဗေဒါပန်း
ကျူရိုးရှင်၊ ကျူပင်ရွက်နဲ့ ခွန်းဆက်လို့လွမ်း။ ။




ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)