Thursday, February 18, 2016

လူတိုင်း သူ့တန်ဖိုးနဲ့ သူ

လောကမှာ ပြီးပြည့်စုံတဲ့ လူရယ်လို့ မရှိကြပါဘူး။ ကိုယ်ဆီကိုယ်ငှာ အားနည်းချက်လေးတွေ ရှိကြပါတယ်။ မွေးရာမှာ စကားမပီတဲ့လူ၊ ထော့နဲ့တဲ့လူ၊ မျက်စိစွေတဲ့လူ စသည်ဖြင့် အားနည်းချက် ကိုယ်ဆီရှိပါတယ်။ ဒါတွေက တကယ်တော့ အားငယ်စရာ စိတ်ပျက်စရာလို့ မရှိပါဘူး။ မွေးရာပါ လောကပေးလိုက်တဲ့ စိတ်ထားလေးလှဖို့ကတာ အဓိကပါ။

တစ်ချို့တွေက ရှိကြတယ်။ “ငါ့ရဲ့ ဆိုးတဲ့ရုပ်ကြောင့် လူတွေက ငါ့အနားမကပ်ကြဘူး”။ တကယ်တော့ အဲ့လိုမတွေးသင့်ပါဘူး။ “ငါ့မှာ မွေးရာပါ လောကကြီးကပေးလိုက်တဲ့ ဖြူစင်တဲ့ စိတ်ထားလေးရှိတယ်၊ ငါဟာ လောကကောင်းကျိုး၊ လူသားတွေကောင်းကျိုးကို အများကြီးသယ်ပိုးနိုင်သေးတယ်၊ ငါ့မှာ ရောဂါအနာကင်းရှင်းနေသေးတယ်၊ ဘယ်လောက် ကံကောင်းလိုက်တဲ့ငါလဲ” ထိုကဲ့သို့ တွေးသင့်ပါတယ်။ ဒီနေရာမှာ မိမိဥပမာ တစ်ခု ပေးချင်ပါတယ်။
တခါတုန်းက အမျိုးသမီးကြီးတစ်ယောက်ဆီမှာ သူမ ရေခပ်တိုင်း သုံးလေ့ရှိိတဲ့
အိုးကလေးနှစ်အိုးရှိတယ်တဲ့။ အိုးတစ်အိုးက စင်းလုံးချောကောင်းမွန်လှပပြီး
ကျန်တစ်အိုးကတော့ အက်ရာလေးနဲ့ အပြစ်အနာအဆာ အနည်းငယ်ရှိသတဲ့။
အမျိုးသမီးကြီးက အဲ့ဒီ အိုးနှစ်လုံးကို ဝါးပိုးတဖက်တချက်မှာ ချိတ်ပြီး
စမ်းချောင်းမှာ ရေသွားငင်လေ့ရှိတယ်။ အိမ်ရောက်တဲ့အခါ အိုးကောင်းတစ်လုံးက
ရေအပြည့်ပါပေမဲ့ ကျန်တစ်အိုးကတော့ ရေတွေ စိမ့်ကျကျန်နေခဲ့တာနဲ့ ရေတဝက်ပဲ
ပါတာပေါ့။
အဲ့တော့ ပြည့်စုံကောင်းမွန်တဲ့အိုးလေးက သူ့ရဲ့ စွမ်းဆောင်နိုင်မှုအပေါ်
သူ့ကိုယ်သူ ဂုဏ်ယူ၀င့်ကြွားနေချိန်မှာ ကျန်တဲ့အိုးကလေးကတော့
စိတ်ပျက်အားငယ်နေရှာတယ်။
နှစ်အနည်းငယ်ကြာပြီးတဲ့နောက် တနေ့မှာ အမျိုးသမီးကြီး
စမ်းချောင်းမှာရေခပ်နေတုံး အနာအဆာရှိတဲ့ အိုးကလေးက သူ့သခင်မကို ပြောသတဲ့ "ငါ နင့်အတွက် ဘယ်တော့မှ ရေအပြည့် မသယ်ပေးနိုင်တာကို တွေးမိတိုင်း
စိတ်မကောင်းဖြစ်မိသလို ငါ့ကိုယ်ငါလဲ ရှက်မိတယ်" လို့ ပြောတော့
အမျိုးသမီးက သူ့ကို ပြုံးကြည့်ပြီး "ငါတို့ ရေခပ်ရာလမ်းတလျှောက်
နင်ရှိတဲ့ လမ်းဘက်ကပဲ ပန်းပင်လေးတွေပေါင်းစုံ ဝေဆာလှပနေတာကို
နင်သတိထားမိလား" လို့ ပြန်မေးတယ်။ ပြီးတော့ ဆက်ပြောတယ်။
"နင့်မှာရှိတဲ့ အဲ့ဒီအားနည်းချက်တစ်ခုကို ငါသတိထားမိလို့ ရေခပ်တဲ့
လမ်းတလျှောက် နင့်ဘက်အခြမ်းမှာ ပန်းမျိုးစေ့လေးတွေ ငါကြဲထားခဲ့တယ်။
နင်အမြဲ ရေလောင်းခဲ့တဲ့ မျိုးစေ့လေးတွေဟာ အခု အဲ့ဒီလမ်းက
ပန်းဥယျာဉ်လေးပဲပေါ့။ ငါ့အိမ်က ပန်းအိုးတွေက ပန်းတွေလဲ အဲ့ဒီ
ဥယျာဉ်လေးကပဲ ငါခူးခဲ့တာလေ။ နင့်ကြောင့်သာ မဟုတ်ရင် အဲ့ဒီ လမ်းက
ပန်းပင်လေးတွေ ဖြစ်လာမှာ မဟုတ်သလို ငါ့အိမ်ကလေးကိုလဲ အခုလို
ပန်းပေါင်းစုံ ဝေဝေဆာဆာနဲ့ ဘယ်အလှဆင်နိုင်ပါ့မလဲ" တဲ့။
ဒီထဲက ဥပမာလေးအတိုင်းပါပဲ။ လူသားတိုင်းမှာ အားနည်းချက် ကိုယ်ဆီ ရှိတတ်ပါတယ်။ ထိုအားနည်းချက်ကို လူတွေဘယ်လိုကြည့်လဲ လှောင်လဲဆိုတာ စိတ်ထဲမထားပဲ စိတ်ထားဖြူစင်စွာနဲ့ ကိုယ်နိုင်ရာဝန်ကနေ လောကကောင်းကျိုးကို သယ်ပိုးသင့်ပါတယ်။ စိတ်ထားကောင်းမွန်စွာနဲ့ ဘဝမှာ တန်ဖိုးရှိစွာ နေသွားမယ်ဆို အချိန်တန်ရင် မိတ်ဆွေကောင်းတွေပဲ သင့်အနားမှာ ရှိနေမှာဖြစ်ပြီး မိတ်ကောင်းဆွေကောင်း မဟုတ်သူတွေကတော့ သင့်အနားကနေ အလိုလို ဖယ်ခွာသွားပါလိမ့်မယ်။

လွမ်းတေး