Saturday, February 13, 2016

ဗိုလ်ချုပ်

အချိန်ကား မွန်းတည့် ၁၂ နာရီခန့် ဖြစ်သည်။

ကျနော်သည် ကင်းရုံကလေး၏နောက်ဘက်တွင် ရပ်နေရင်း ကိုယ့်ယူနီဖောင်း ကိုယ်ပြန်ငုံ့ကြည့်လိုက်သည်။
ပြောင်လက်နေသော ခါးပတ်ခေါင်း
အရိပ်ပေါ်အောင် တိုက်ထားသော စစ်ဖိနပ်
ခေါက်ရိုးမကျိုးအောင်တောင့်တင်းနေသော စစ်ယူနီဖောင်းနှင့် ကျေနပ်နေမိသည်။
ထိုခဏ ကင်းစောင့်ရဲဘော်က ကျနော့်ကို ချင်းဘာသာဖြင့် လှမ်းပြောသည်။

" ဆရာ၊ ဟိုမှာ လူတစ်ယောက်လာနေတယ် "

" ဘယ်မှာလဲကွ "

ကျနော် မျက်စိကစားရင်း ပြန်မေး၏။
ဟုတ်ပါသည်
တပ်ရင်းဝင်းဝမှ လမ်းကိုတားထားသော ဝါးလုံးအနီးတွင် လူလတ်ပိုင်းအရွယ် လူတစ်ယောက်ကိုတွေ့ရလေသည်။ ကင်းရဲဘော်၏ အဖြေကိုမစောင့်တော့ပဲ ကျနော်လည်း ဝင်းဝကို ပြေးထွက်သွားလိုက်သည်။

လူတယောက်ပါပဲ။
ဖျင်ပင်နီ တိုက်ပုံအကျႌနှင့် ချည်ပုဆိုးအကွက်ကြီးဝတ်လို့၊ သူခေါင်းမှာ ဖော့ဦးထုပ်တစ်လုံးဆောင်းထားသေးသည်။ လက်ထဲမှာ တုတ်ကောက်တချောင်းက ပါလိုက်သေး။

" ရဲဘော်... ရဲဘော်၊ ကျုပ်ဝင်ခဲ့ချင်တယ် "

" ခင်ဗျား ဝင်ခွင့်မရှိဘူး၊ ဒီနေ့ ကျနော်တို့ လူကြီးတယောက်လာဖို့ရှိတယ်။ ဒီလမ်းလယ်မှာ မရပ်ပါနဲ့၊ လမ်းဘေးကိုသွားပါ "

ကျနော် အတော်တင်းသွားတယ်
ဘယ်နှယ့်ဗျာ၊ မြေကြီးမှာ ခြေရာမထင်အောင် လှည်းကျင်းထားတဲ့ ဝင်းဝအလယ်မှာ သူကရပ်လို့၊ ပြီးတော့ သူ့တုတ်ကောက်ကြီးနဲ့ မြေကြီးကို ထောက်ထားလိုက်သေးတယ်။
ဒုက္ခပဲ၊ ခြေရာမထင်အောင် လှည်းထားတဲ့ နေရာတော့ ခြေရာတွေ ပွကုန်တော့မှာပဲ။
လူကြီးလာတဲ့အခါ ပွရှုပ်နေတဲ့ခြေရာတွေနဲ့ ဒီလမ်းကိုမြင်ရင် ငါတော့အပြစ်ကျတော့မှာ ဧကန်ပဲ။

အဲသလိုတွေးပြီး အတင်းကိုလက်ကာပြရင်း

" မလာနဲ့.... မလာနဲ့ ၊ လမ်းဘေးမှာနေပါ"

ကျနော်ထိုသို့ မျက်ကလဲဆန်ပြာဖြစ်နေသည်ကို ထိုလူက ခပ်အေးအေးပင် ပြုံးကြည့်နေသည်။
ပြီးတော့မှ -

"မဟုတ်ပါဘူး၊ အထဲကို ဝင်ချင်လို့ပါ "

သူက ပြောရင်းဆိုရင်း ရှေ့တိုးလာသည်။ ကျနော်ကလည်း တာဝန်အရ အရေးတကြီးပင် တားနေသည်။

" ဟေ့လူ..၊ ဘယ်လိုလဲ၊ ပြောတာမရဘူးလား၊ ဒီမှာမနေပါနဲ့၊ ကျုပ်တို့ လူကြီးတယောက်လာမယ်၊ လမ်းဘေးမှာ ရပ်နေပါ "

" မေဂျာကပ်ကျောင်း ရှိသလား၊ ရှိရင်တွေ့ချင်တယ်၊ မေဂျာကပ်ကျောင်းကို သွားခေါ်ပေးပါ၊ သူ့မိတ်ဆွေက တွေ့ချင်တယ်လို့ ပြောပေးပါ "

မြတ်စွာဘုရား၊ ဘယ်လိုလူနဲ့တွေ့နေပါလိမ့်။
တကယ့်ဇွတ်သမားပါလားဟ
အတင်းဝင်မယ်လုပ်ပြီး ဝင်မရတော့ ဗိုလ်မှူးကပ်ကျောင်းကို ခေါ်ခိုင်းနေတယ်
ဗိုလ်မှူးကပ်ကျောင်းရဲ့ မိတ်ဆွေဖြစ်မှာပဲ ဟု တွေးမိကာ -

" ကောင်းပြီ၊ ဗိုလ်မှူးကို ခေါ်ခဲ့မယ်၊ ခင်ဗျားဒီမှာ ခဏနေခဲ့ပါ "

သူက ခေါင်းငြိမ့်ပြသည်။ ထို့ကြောင့် ကျနော်လည်း တပ်ရင်းရုံးသို့သွားပြီး ဗိုလ်မှူးကပ်ကျောင်းကို သွားခေါ်ရသည်။ ခပ်လှမ်းလှမ်းရောက်၍ လှည့်ကြည့်တော့ ဝါးလုံးတန်းအနီးမှာ သေသေချာချာရပ်ရင်း မရယ်မပြုံးဖြင့် လှမ်းကြည့်နေလေသည်။

ဗိုလ်မှူးကပ်ကျောင်းထံ သတင်းပို့တော့ သူထလိုက်လာသည်။ ဗိုလ်မှူးကြည့်ရသည်မှာ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် ဖြစ်နေသည်။ ဗိုလ်မှူးကပ်ကျောင်းသည် တပ်ရင်းရုံးခန်းအထွက်မှာပင် ဝင်းဝမှသူ့ကို လှမ်းကြည့်လိုက်ပြီးသည်နှင့်
ကျနော့ကို ချက်ချင်းအမိန့်ပေးသည်။

" ဟေ.... အဲဒါ ဗိုလ်ချုပ်အောင်ဆန်းပဲ၊ တိုက်ချွန်း၊ မင်း ကင်းတပ်ဖွဲ့နဲ့ တန်းစီအလေးပြုပါ "

ဗုဒ္ဓေါ၊ ကျနော့ငယ်ထိပ် မြွေပေါက်လိုက်လျင်တောင် သည်မျှ ထိတ်လန့်မည်မထင်ပါ။ ကြုံရသည့် ဖြစ်စဉ်ကြောင့် ခေါင်းနပန်းလည်း ကြီးသွားမိသည်။ ဘာလုပ်ရမှန်းမသိဖြစ်နေရာမှ သတိပြန်ဝင်လာကာ ကင်းတပ်ဖွဲ့ကို ချင်းဘာသာဖြင့်ပင် အော်ဟစ်အမိန့်ပေးလိုက်သည်။

" စတင်းဇာ၊ ကပ်တွန်းနွန်း " (တပ်စိတ် အမြန်ဆုံးတန်းစီ)

ကင်းတပ်ဖွဲ့တန်းစီပြီး ခဏတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးကပ်ကျောင်းတို့နှစ်ဦး တပ်ရင်းဝမှ လမ်းလျှောက်၍ ဝင်လာကြသည်။

" ဂျင်နရယ်ဆလု၊ ပရဲ့ဆင့်အမ်း " ( ဗိုလ်ချုပ်ကို သေနတ်မြှောက်အလေးပြု )

ကျနော်တို့ ကင်းတပ်ဖွဲ့အလေးပြုသည်ကို ဗိုလ်ချုပ်က အလေးပြုခံယူရင်း ပြုံးနေသည်။ ပြီးတော့ တုတ်ကောက်ကို မြေမှာထောက်၊ ခေါင်းကို တဆတ်ဆတ်ညိမ့်ရင်း ကျနော့ကိုပြုံးနှုတ်ဆက်သည်။

" ကောင်းတယ်ရဲဘော်၊ မင်းတာဝန်ကျေတယ်၊ ရဲဘော်ဆိုတာ ဒီလိုမှပေါ့ကွ "

သူက ပြုံး၍ပြောပေမယ့် ကျနော်မပြုံးနိုင်ပါ၊ ဘယ်ကထွက်လာမှန်းမသိသော ချွေးသီးချွေးပေါက်များဖြင့် ယူနီဖောင်းတခုလုံး ရွှဲနစ်နေလေတော့သည်။

ဇောချွေးဆိုတာ ဒါပဲဖြစ်မည်ဟုပင် တွေးနေမိတော့သည်။

အော်.. ဗိုလ်ချုပ်ရယ်။

ကိုးကား// တက္ကသိုလ်စိန်တင်၏ ဗိုလ်ကြီး အောင်ဆန်းသူရိယတိုက်ချွန်း

YaeTayZa @ တောကဘကြီး