Wednesday, February 10, 2016

"အမှားများ"

တစ်ခါကသင်တန်းဆင်းခါစပန်းချီဆရာပေါက်စ တစ်ယောက်ဟာသုံးရက်တိတိအချိန်ယူပြီး အလွန်လှပတဲ့ရှုခင်းပန်းချီကားတစ်ခုကို ရေးဆွဲခဲ့တယ်။ ပြီးနောက်မှာတော့သူ့ရဲ့လက်ရာနဲ့ ကျွမ်းကျင်မှုကိုလူတွေဘယ်လိုများ အကဲဖြတ်ကြမလဲဆိုတာသိချင်တာနဲ့အဲဒီ ပန်းချီကားချပ်ကိုလူသွားလူလာများတဲ့လမ်းဘေးမှာ ခင်းကျင်းလိုက်တယ်။ပန်းချီကားအောက်မှာလည်း အောက်ပါအတိုင်းရေးထားလိုက်တယ်။ "ကျွန်တော်ဟာလက်သစ်ပန်းချီဆရာ တစ်ယောက်ပါ။အတွေ့အကြုံနုနယ်သေးလို့ ကျွန်တော်ဆွဲထားတဲ့ဟောဒီပန်းချီကားထဲမယ် အမှားများ၊အမြင်မတော်တာများတွေ့ခဲ့ရင် ကြက်ခြေခတ်ခြစ်ပြီးညွှန်ပြပေးပါ"

ညနေပန်းချီကားပြန်သိမ်းဖို့လာတဲ့ ပန်းချီဆရာလေးဟာအလွန်ကိုကြေကွဲ ၀မ်းနည်းသွားရှာတယ်။သူ့ပန်းချီကားတစ်ခုလုံး ကြက်ခြေခတ်ရာတွေနဲ့ပြည့်နေတာကိုး။တစ်ချို့ဆို ပန်းချီကားပေါ်စာတွေတောင်ရေးသွားသေးတယ်။ စိတ်ပျက်ကြေကွဲလို့ပန်းချီဆရာငယ်ဟာ သူ့ဆရာအိမ်ကိုမျက်ရည်တွေနဲ့ရောက်လာတယ်။ ဟောဟဲဆိုက်နေတဲ့သူဟာအသံတုန်တုန်ရီရီနဲ့ "ကျွန်တော်အသုံးမကျသူပါဆရာ။ကျွန်တော် ကြိုးစားသင်ခဲ့သမျှပန်းချီပညာဟာ ဒီအဆင့်ပဲဆိုရင်တော့ပန်းချီဆရာ မဖြစ်ထိုက်တော့ပါဘူးဆရာရယ်။အခုလူတွေက ကျွန်တော့်လက်ရာကိုဒီလိုေ၀ဖန်လိုက်ကြတာ ကျနော်သေမလောက်ခံစားရပါတယ်ဆရာ..." ဆရာကြီးကပြုံးတယ်။"ဒီမယ်ကောင်လေး။မင်းဟာ ပြီးပြည့်စုံတဲ့ပန်းချီပညာကိုဆည်းပူးခဲ့တဲ့ ပန်းချီပညာရှင်တစ်ယောက်ဖြစ်ကြောင်းငါ သက်သေပြမယ်။ ငါပြောသလိုလုပ်။ ပြန်မမေးနဲ့။ပြီးမှ မင်းသိရလိမ့်မယ်"

ပန်းချီဆရာငယ်ဟာစိတ်မပါတစ်ပါနဲ့ သဘောတူလိုက်တယ်။နောက်နှစ်ရက်အကြာမှာ အရှေ့ကဆွဲခဲ့တဲ့ပုံနဲ့တစ်ထပ်တည်းကျတဲ့ ပန်းချီကားကိုပဲထပ်ဆွဲပြီးဆရာကြီးဆီယူလာတယ်။ ပန်းချီဆရာကြီးကပန်းချီကားကို အသေအချာကိုင်တွယ်ကြည့်ပြီးပြုံးလိုက်တယ်။ နောက်ပြီးသူ့ကိုအရင်သူပန်းချီကားခင်းခဲ့တဲ့ လမ်းဆီကိုပဲပြန်သွားစေတယ်။နောက်ပြီးအရင်က ခင်းတဲ့နေရာအတိအကျမှာပဲဒီပန်းချီကားကို ထပ်ခင်းစေပြီးအောက်မှာအောက်ပါအတိုင်း ရေးသားလိုက်တယ်။ "လူကြီးမင်းများခင်ဗျာ...ကျွန်တော်ဟာလက်သစ် ပန်းချီဆရာတစ်ယောက်ပါ။အတွေ့အကြုံ နုနယ်သေးလို့ကျွန်တော်ဆွဲထားတဲ့ဟောဒီ ပန်းချီကားထဲမယ်အမှားများ၊အမြင်မတော်တာများ တွေ့ခဲ့ရင်အသင့်ချထားတဲ့စုတ်တံများနဲ့ ဆေးရောင်စုံများသုံးပြီးပြင်ဆင်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။" ပြီးနောက်ဆရာတပည့်နှစ်ယောက်အိမ်ကို ပြန်သွားကြတယ်။

ညနေပြန်လာတော့တပည့်ဖြစ်သူမှာ အံ့သြလို့သွားတယ်။ပန်းချီကားပေါ်မှာခြစ်ရာ တစ်ခုတစ်လေမှရေးထားတာမတွေ့ရဘူး။နောက်နေ့ ပြန်ကြည့်ပြန်တော့လဲဒီအတိုင်းပဲမတို့ မထိထားကြဘူး။တစ်လတိတိအဲဒီနေရာမှာ ထားသော်လည်းတစ်စုံတစ်ယောက်ကမှျပြင်ဆင်ခြင်း မပြုကြလေဘူး။

ပုံပြင်ရဲ့အနှစ်ချုပ်ကတော့ အပြစ်တင်ေ၀ဖန်ဖို့လွယ်တယ်။ကောင်းအောင် ပြုပြင်ဖို့ခက်တယ်။ဒါကြောင့်တစ်ပါးသူရဲ့ ပြစ်တင်ေ၀ဖန်မှုမှာမြောပါပြီးကိုယ့်ကိုယ်ကိုစိတ်ဓါတ် မကျစေပါနဲ့။ ကိုယ့်ကိုယ်ကိုယ်သာစီရင်ပါ။သင်ဟာ အကောင်းဆုံးတရားသူကြီးပါပဲ။

ကိုစော