Friday, February 19, 2016

ဗေေဒါလမ်း (၁) – မယ့်လမ်းပါလား



ပန်းနီလာ၊ ဗေဒါဆင်သ လို့
ယဥ်လှတယ်လေး။
စုန်ချည် ဆန်ချည်နဲ့
ဒီချောင်းရေ ဗေဒါလမ်းမှာ၊ တန်းစီလို့လေး ။

အိုအချင်းကျူရိုးရှင်။
မဗေဒါပြာလဲ့လမ်း၊ ကမ်းကပ်မယ်ပြင်။
စံပယ်လှပွင့်ဖြူစင်၊ ကမ်းခွင်ကငယ်ကျွမ်း။
သူ့လိပ်ပြာခြံအရံနဲ့၊ သူစံရာ သူပျော်မွေ့။
ပြေးတွေ့ချင်စမ်း….. တဲ့။
တွေ့ချင်တဲ့စေတနာရယ်။
ငယ်ကျွမ်းဆွေ လွမ်းဝေတေးပေမို့
အေးချိုလှတယ်။

လိပ်ပြာကဝတ်ရည်သယ်၊ စံပယ်ကမအား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း
မယ့်လမ်းပါလား။
အိုအချင်း .. ကျူရိုးရှင်။
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင် ။
ဟိုအကွေ့မှာလ
ကိုရင်ဖေ့ ချစ်ရေစင် ၊ ပျိုခင်ရဲ့အနွဲ့။
ပျို့လက်မှာ မယ်ဗေဒါက
ပျို့မျက်နှာ ချစ်အုံ့ပုန်းကို ၊ ပြုံးကြည့်ချင်ငဲ့.. တဲ့။

ကြည့်ချင်တဲ့စေတနာရယ်
သနားဘွယ် ချစ်ဘွယ်တေးပေမို့
အေးချိုလှတယ်။
ချစ်စနိုးရယ်နဲ့၊ မြစ်ရိုးကအပြာချယ်ကို။
ပျို့နယ်လိုက်လေမလား။
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းပါလား။
အိုအချင်းကျူရိုးရှင်။
မဗေဒါပြာလဲ့လန်း၊ ကမ်းကပ်ပြန်ချင်။
ထီးတော်ကတချွင်ချွင်
ကွင်းပြင်ကဘုရား။
နေမင်းညိုချိန်တန်ပေါ့
နိဗ္ဗာန်ကိုစိတ်ကြံကူး၊ ဖူးချင်လျက်သား …. တဲ့။

ဖူးချင်တဲ့စေတနာရယ်။
နိဗ္ဗိန္နာ ဂီတာတေးပေမို့၊ အေးချိုလှတယ်။
ကျွတ်ဆုကိုရွယ်၊ လွယ်ပါတော့အရ
ပွင့်ဖူးတဝေဝေနဲ့
ဒီချောင်းရေ ဗေဒါလမ်း၊ မယ့်လမ်းသာပါ့။
ချောင်းရေကဖောင်၊ တောင်လေကသွေး။
ရွက်လင်းယဥ် မြိုင်မြိုင်နဲ့
ပန်းတိုင်ကို ပန်းခိုင်ဆိုက်အောင် ၊ အားစိုက်ပါလေး။ ။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)