Monday, February 8, 2016

"#သူကြွယ်သူဌေးအစစ်"

အဘိုးအိုတစ်ယောက် မြစ်ကမ်းနဘေးမှာ အညောင်းပြေ လမ်းလေှျာက်နေတဲ့ တစ်နေ့မှာပေါ့။ အဘိုးအိုဟာ မြစ်ကမ်းနဖူးပေါ်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ လူငယ်တစ်ယောက်နဲ့ သွားဆုံမိတယ်။ လူငယ်က သက်ပြင်းတွေချ ညည်းတွားလို့။ မျက်နှာပြင် တစ်ခုလုံးလည်း ရွာတော့မယ့်မိုးလို အုံ့မှိုင်းလို့။

အဘိုးအိုက မေးလိုက်တယ်။

“ ကလေး.. မင်းဘာဖြစ်နေတာလည်းကွ.. ဟေ… မျက်နှာကြီးက သုန်မှုန်လို့ပါလား ” လို့ အဘိုးအိုက လူငယ်ကို ဂရုတစိုက်နဲ့ မေးလိုက်တယ်။

လူငယ်က အဘိုးအိုကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်တယ်။

“ကျွန်တော်က မွဲလိုက်တာမှ ဖွတ်ကဘိုးအေ ခေါ်ရလောက်အောင်ကို မွဲတယ်ဗျာ၊ နေစရာ အိမ်လည်းမရှိ၊ သားမယားဆိုတာကတော့ ေ၀လာေ၀း၊ အလုပ်ကလည်း မရှိတော့ ၀င်ငွေမရှိ၊ ငတ်တလှည့် ပြတ်တလှည့်နဲ့၊ ရေသောက် ဗိုက်မှောက် အိပ်ရတဲ့ နေ့တွေ မရေတွက်နိုင်ပါဘူးဗျာ၊ အဖိုးရယ် ဒီလို လူတစ်ယောက်ရဲ့ မျက်နှာမှာ အပြုံးအရယ်ဆိုတာ ရှိနိုင်ပါ့ဦးမလားဗျာ ”..လို့ စိတ်ပျက်တဲ့ လေသံနဲ့ ပြောလိုက်တယ်။

ဒီတော့ အဘိုးအိုက ပြုံးရယ်ပြီး..

“မင်းက တကယ့်ငတုံး အရူးဘဲကွ..ဟေ၊ တကယ်ဆိုရင် မင်းဒီလိုမျိုး မငြီးငြူနေသင့်ဘူး၊ ဘာလို့လည်းဆိုတော့ မင်းဟာ အခုအချိန်ထိကို သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်နေသေးလို့ ဘဲကွ ”

လူငယ်လည်း အဘိုးအို စကားကြောင့် တအံ့တသြ ဖြစ်မိပြီး

” ဘာလို့လဲအဘိုးရ..၊ အဘိုးစကားကို ကျွန်တော် နားမလည်နိုင်ဘူး ” လို့ မေးလိုက်တယ်။

“ အေးလေကွာ၊ မင်းဟာ အခုအချိန်အထိ သန်းကြွယ် သူဌေးတစ်ယောက် ဖြစ်နေသေးတယ်.. မင်းမသိဘူးလား ” လို့ အဘိုးအိုက ပဟေဠိဆန်ဆန် ထပ်ပြီး ပြန်ပြောတယ်။

ဒီတော့ လူငယ်က “ သန်းကြွယ်သူဌေး ဟုတ်လားအဘိုး..၊ ကျွန်တော့်လိုကောင် ငမွဲကို အဘိုးက လေှာင်နေတာလားဗျာ ” လို့ ၀မ်းနည်းလေသံနဲ့ ပြောပြီး လှည့်ထွက်သွားမယ် လုပ်တော့့

အဘိုးက..
“မင်းကို ငါ ဘယ်လေှာင်ရက်ပါ့မလဲကွယ်၊ ကဲ… မင်းကို မေးခွန်း လေးငါးခြောက်ခွန်းလောက် မေးပါရစေ ဖြေကြည့်စမ်းပါဦး ” အဘိုးအိုက ဒီလိုလည်း ပြောလိုက်ရော လူငယ်လည်း စိတ်၀င်စားလာတာပေါ့။

“ ဘယ်လို မေးခွန်းများလည်းခင်ဗျာ၊ မေးပါ… ကျွန်တော် အမှန်အတိုင်း ဖြေဆိုပါ့မယ် ”

အဘိုးက သူ့မေးခွန်းကို စတင်လိုက်တယ်။

“ မင်းရဲ့ ပျိုရွယ်မှုကို ငါ ငွေနှစ်သိန်း ပေးပြီး၀ယ်မယ်၊ မင်းငါ့ထက်တော့ ပိုအိုသွားမှာပေါ့ကွာ၊ မင်းရောင်းဖို့ သဘောတူမလား ”

လူငယ်က ခေါင်းခါပြီး “ ဟာ.. အဘိုးကလည်း ကျွန်တော် အသက်မကြီးချင်သေးပါဘူး၊ သဘောမတူဘူးဗျာ ” လို့ ပြောလိုက်တယ်။

“ ဒါဆို ငါ နောက်ထပ် ငွေနှစ်သိန်း တိုးပြီးတော့ပေးမယ်၊ မင်းရဲ့ ကျန်းမာသန်စွမ်းမှုတွေကို ငါ့ကို ရောင်းစမ်းကွာ၊ မင်း သဘောတူမလား ”

“ ဘယ်နည်းနဲ့မှ ကျွန်တော် သဘောမတူနိုင်ဘူးအဘိုး၊ ကျွန်တော်က သာမန်ဖျားနာတဲ့ ဒဏ်ကိုတောင် ခံချင်တဲ့သူမဟုတ်ဘူး” လို့ဆိုပြီး လူငယ်က ခါးခါးသီးသီး ငြင်းလိုက်တယ်။

“ ကဲ.. ဒါဆို ငါမင်းကို နောက်ထပ် နှစ်သိန်းတိုးပေးမယ်ကွာ၊ မင်းရဲ့ ချစ်ခင်ဖွယ်ရာ မျက်နှာလေးကို ငါ၀ယ်ယူမယ်၊ မင်းကတော့ ငါ့လိုအရေတွန့်မျက်နှာနဲ့ အကြည့်ရတော့ ဆိုးသွားမှာပေါ့၊ သဘောတူလိုက်စမ်းပါကွာ ” လို့ပြောတော့

လူငယ်က “ ဒါတော့ လုံး၀မဖြစ်နိုင်ဘူး၊ ကျွန်တော် လုံး၀ သဘောမတူနိုင်ဘူး အဘိုး၊ ကျွန်တော်က ယောကျာ်းပီသတဲ့ ကျွန်တော်ရုပ်ရည်ကို အဘိုးလိုအရွယ် ဘယ်အဖြစ်ခံနိုင်ပါ့မလဲ ” လို့ ပြောလိုက်တယ်။

“ အင်း.. ဒါဆိုရင်လဲ နောက်ထပ်နှစ်သိန်း တိုးပေးမယ်၊ မင်းခေါင်းထဲက လတ်ဆတ်တဲ့ မှတ်ဉာဏ်တွေကို ငါ၀ယ်ယူချင်တယ်ကွာ၊ ဘယ့်နှယ့်လဲ” လိုပြောတော့

လူငယ်လည်း တော်တော် ဒေါကန်သွားပြီး “အဲ့ဒါ ငတုံးတွေကမှ ရောင်းမှာဗျ” လိုပြောပြီး လှည့်ထွက် သွားမလို့လည်းလုပ်ရော

အဘိုးအိုက…
“ခဏလေး နေပါဦးကွယ်၊ နောက်ဆုံး မေးခွန်းလေးတော့ ဖြေသွားလိုက်ပါဦး၊ မင်းကို နောက်ထပ် နှစ်သိန်း ထပ်တိုးပေးမယ်၊ မင်းလူတွေကို သတ်ပေးရမယ်၊ အိမ်တွေကို မီးတင်ရှုိ့ပေးရမယ်၊ မင်းရဲ့ စိတ်ကောင်းနှလုံးကောင်းကို ၀ယ်ယူတဲ့ သဘောပေါ့၊ ဘယ်နှယ့်လဲ.. မင်းသဘောတူလား” လို့ ပြောပြန်တယ်။

ဒီတော့ လူငယ်က “ ဘုရား… ဘုရား.. ဒီလို အကုသိုလ် အလုပ်မျိုးကို မာန်နတ်ဘဲ လုပ်မှာဗျ ” လို့ ဒေါသတကြီး ပြန်ပြောလိုက်တယ်။

ဒီတော့မှ အဘိုးအိုက ပြုံးပြီး ရှင်းပြလေတယ်။

” အေးကွယ်.. ကောင်းပါပြီ၊ စောစောက မင်းကို အဘိုး ဆယ်သိန်းစျေးပေးပြီး ၀ယ်ပေမယ့် မင်းခန္ဓာကိုယ်ထဲက ဘယ်အရာမှ မရခဲ့ဘူးနော်၊ မင်း စဉ်းစားကြည့်စမ်း၊ မင်းဟာ တစ်သန်းကြွယ်၀တဲ့ သူဌေးမဟုတ်ဘူးလား၊ အဲ့ဒါမှ မဟုတ်ရင်ဘာလည်းကွဲ့၊ ပြောစမ်းပါဦး”

အဘိုးအို စကားကြားပြီးချိန်မှာတော့ လူငယ်ဟာ ချက်ချင်းဘဲ အသိဉာဏ်ထဲ လင်းခနဲ ဖြစ်သွားတော့တယ်။ သွန်သင် ဆုံးမ လမ်းပြပေးတဲ့ အဘိုးအိုကို ကျေးဇူးတင်စကားပြောပြီး ချက်ခြင်းနေရာမှာပဲ ထိုင်ကန်တော့ကာ နှုတ်ဆက်ထွက်ခွာ သွားတော့တယ်။

အဘိုးအိုက ယုံကြည်မွုရှိစွာ ပြုံးနေမိလိုက်တယ်။ သည်လူငယ်လေးဟာ နောင်ဆိုရင် ဘယ်တော့မှ သက်ပြင်းချ ငြီးတွားခြင်း မရှိတော့ဘဲ ပြုံးပြုံးရယ်ရယ်နဲ့ ဘ၀တိုးတက်ဖို့အတွက် လမ်းကြောင်းအသစ်တွေ ရှာဖွေနေတဲ့သူ ဖြစ်လာတော့မယ်ဆိုတာကို အဘိုးအို ယုံကြည်ထားမိပြီလေ။

တကယ်တော့ လူ့ဘ၀ရဲ့ တန်ဖိုးအစစ်အမှန်ဟာ ဥစ္စာဓနတွေ မဟုတ်ပါဘူး။ နုပျိုကျန်းမာတဲ့ အရွယ်မှာ စိတ်ပျက်အားငယ် နေစရာမလိုဘဲ အားမာန်အပြည့်နဲ့ ကြိုးစားဖို့ပဲ လိုပါတယ်။

အောင်မြင်မှုရဖို့ဆိုတာဆိုတာ ကြိုးစားမှုက၆၀%၊ ပံ့ပိုးမှုက ၂၀%၊ ကံတရားက ၂၀%လောက်နဲ့ပဲ ကျွန်မက အချိုးချချင်ပါတယ််။ ပံ့ပိုးမှု၂၀%မရနိုင်ရင် ကြိုးစားမှုကို ၈၀%လောက် ရှိအောင် ဖြည့်ယူရပါမယ််။ ပ့ံပိုးမှုရော၊ ကံတရားရော မရခဲ့ရင်ရော ဘာလို့ ကျွန်မတို့ ၁၀၀% ကြိုးစားအားထုတ်လို့ မရနိုင်ရမှာလဲ။

ကျွန်မတို့မှာ ခြေလက်အင်္ဂါင်္တွေ အစုံအလင်ရှိတယ်။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားကြတယ်။ ထိုက်သင့်တဲ့ ဉာဏ်ပညာတွေလည်း ရှိနေတယ်။ လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိနေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်ရှိရင် အလုပ်တစ်ခုဟာ မလုပ်ခင်ကကို တစ်၀က်ပြိီး မြောက်နေသလိုဘဲ ကျွန်မခံစားရတယ်။ ဒါဆို ကျွန်မတို့ရဲ့ အိပ်မက်တွေကို ဘာလို့ အကောင်အထည် မဖော်နိုင်ရမှာလဲ။ စိတ်ပျက် အားငယ်စရာမလိုဘဲ ဘ၀ကို ရဲရဲ၀့ံ၀ံ့ ရင်ဆိုင်နိုင်ရမှာပေါ့။ ကြိုးစားမှု့ အားထုတ်မှုကိုတော့ ဘယ်တော့မှ အရှိန်မရပ်သင့်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ ငွေကြေးတန်ဘိုးနဲ့ ၀ယ်ယူလို့ မရနိုင်တဲ့ ကျန်းမာရေး၊ နုပျိုမှုနဲ့ ဉာဏ်ပညာတွေသာ ဘ၀အတွက် အမှန်တကယ်လိုအပ်တဲ့ တန်ဖိုးအစစ်အမှန်တွေဆိုတာ ကျွန်မတို့ သတိချပ်သင့်တယ်။

ဆန္ဒနဲ့ဘ၀ တစ်ထပ်တည်းကြပါစေ။

Mya Thway Ni