Sunday, February 7, 2016

ဆရာကျောင်း.. သို့ သတိတရ



ခုလို တရုတ်နှစ်သစ်ကူးချိန် ရောက်တော့ လွန်ခဲ့တဲ့ ၇နှစ်လောက်က အဖြစ်လေး တစ်ခုကို သတိရမိတယ်..

အဲ့ဒီအချိန်တုန်းက ကျနော်ဟာ ရွှေတြိဂံလို့ အများသိကြတဲ့ မြန်မာ-ထိုင်း-လာအို (၃)နိုင်ငံဆုံရာ မဲခေါင်မြစ်ဘေးမှာ ရှိတဲ့ မိုင်းဖုန်းဒေသမှာ တာဝန်ကျနေချိန် ပေါ့ဗျာ.

အဲ့ဒေသမှာ အဲ့အချိန်က  ရွှေတြိဂံ ဒေသက မူးယစ်ရာဇာလို့ လူအများသိကြတဲ့ စိုင်းနော်ခမ်း လည်းတန်းခိုးထွား နေချိန် ပေါ့..

ထားပါ အဲဒါတွေ.... ကျနော်ပြောချင်တာက အဲဒီအချိန်တုန်းက ခုလို တရုတ်နှစ်သစ်ကူးရက်မှာပေါ့ ဆရာအတတ်သင်(TTC)သင်တန်းဆင်း ကျောင်းဆရာသစ်လေး(ဒေသအခေါ် #ဆရာကျောင်း)အညာသားတစ်ယောက် မဲခေါင်မြစ်နဲ့ မလှမ်းမကမ်းက ရွာမှာရှိတဲ့ မူလတန်း ကျောင်းလေးကို ရောက်လာ ပါရော..

ရွာမှာအရင်ရှိတဲ့ ဆရာမလေးနဲ့ ရွာသူကြီး လည်း ဆရာကျောင်းအသစ်လေး ရောက်လာတော့ ကလေးတွေအတွက် အဆင်ပြေပီဆိုပီး ပျော်တာပေါ့ ..

ဒါပေမဲ့ ဆရာကျောင်း နေဖို့ အိမ်က မရှိသေးပြန်ဘူး.. ရွာကလည်း ချက်ချင်း အိမ်ဆောက်ပေးဖို့အခက်အခဲရှိနေလို့ဆိုပီး ကျနော့ဆီကိုရောက်လာပါရော..

ကျနော်လည်း လောလောဆယ် အားလုံးအဆင်ပြေအောင် မူလတန်း ကျောင်းလေးနဲ့မလှမ်းမကမ်း မဲခေါင်မြစ်နဲ့
မနီးမဝေးမှာရှိတဲ့ ဘုန်းကြီးကျောင်းမှာ သွားပီး ဆရာတော်ကို အကျိုးအကြောင်း လျှောက်ကာ ဆရာကျောင်း အသစ်လေး ကို နေဖို့အိမ် မဆောက်ပေးနိုင်သေးခင်မှာ
ခဏလောက် နေခွင့်ပေးဖို့ တောင်းတော့ ဆရာတော်လည်း လိုလိုလားလားနဲ့ နေခွင့်ပေးလိုက်တယ်ဗျ. ဒါနဲ့ ဆရာကျောင်းအသစ်လေးကို အခန်းတွေ လိုက်ပြပီး ပစ္စည်းတွေနေရာချပီး အခက်အခဲ ဖြစ်ရင် ဖုန်းဆက်ဖို့နဲ့ ကျနော်နေတဲ့နေရာကိုပြောပြပီး ပြန်ခဲ့တာပေါ့ဗျာ..

အဲ.. အဲ့ညမှာပဲ  ဘုန်းကြီးကျောင်းနဲ့ တစ်မိုင်လောက်ဝေးတဲ့နေရာက ပါရာဒိုက်ဟိုတယ်မှာ တရုတ်နှစ်သစ်ကူး ညစာစားပွဲတွေကျင်းပပီး အသံကျယ်လောင် ပျင်းထန်လွန်းတဲ့ ဗျောက်အိုးတွေ အဆက်မပျက် ပစ်ဖောက်ပါလေရော..

ကိုရွှေအညာသားဆရာကျောင်းလေးလဲ  ဟ..တိုက်ပွဲတွေဖြစ်ကုန်ပီထင်တယ်ဆိုပီး ကြောက်ဒူးတုန်ကာ ဘုန်းကြီးကျောင်းက
သူ့အိပ်ရာလေးထဲမှာ စောင်ကိုခေါင်းမြီးချုံ အခန်းအောင်းကာ တိတ်တိတ်လေး ချွေးထုတ်လိုက်တာ ဗျောက်အိုး ဖောက်တာကလဲ တစ်ညလုံးဆိုတော့ ဆောင်းတွင်းကြီးမှာ တစ်ညလုံး ချွေးဒီးဒီးကျတာ ပြောမနေနဲ့တော့ပေါ့ဗျာ.

နောက်နေ့မနက်လည်းရောက်ရော အဲ့ဆရာကျောင်းလဲ သူနဲ့ ၂ရွာခြားမှာ နေတဲ့ ကျနော့ဆီကို စောစောစီးစီး ရောက်လာပီး မနေ့ညက သူအိပ်လို့ မရကြောင်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်သံ ကြားကြောင်း သူ့အနေနဲ့ အတွေ့အကြုံမရှိလို့ ဒီမှာ ဆက်ပီးနေဖို့  မဖြစ်နိုင်ဘူးထင်ကြောင်း ဒါကြောင့် မြို့ပေါ်ရုံးကိုသွားပီး မြို့ပေါ်မှာ ပြောင်းပေးဖို့ သွားပြောမည်ဖြစ်ကြောင်း ကျနော့အား လိုက်ပို့ပေးစေလိုကြောင်း တစ်ရစပ်ပြောပါတော့တယ်ဗျာ..

ကျနော်လည်း အစတော့ အတော်ကြောင်သွားတယ်ဗျ.. ညကဘာမှမဖြစ်ခဲ့တာပဲ တစ်ကယ်လို့ တစ်ခုခုဖြစ်ခဲ့ရင်တောင် ဖြစ်နေချိန်မှာ ကျနော့ဆီကို အနဲဆုံး ဖုန်းသတင်းလေး တော့ရောက်ရမှာပေါ့ .. တစ်ခုတော့ရှိတယ် ညက သူနဲ့ နဲနဲနီးတဲ့ ပါရာဒိုက်ဟိုတယ်မှာ တရုတ်နှစ်သစ်ကူး ကျင်းပတာကိုပြောတာပဲဖြစ်မှာပဲဆိုပီး ညက တိုက်ပွဲဖြစ်တာ မဟုတ်ကြောင်း နှစ်သစ်ကူးပွဲက ဗျောက်အိုးတွေ ဖောက်တာဖြစ်ကြောင်း စိတ်မပူဖို့နဲ့ ညပိုင်းတွေမှာတော့ အပြင်တွေ သိပ်မထွက်ဖို့နဲ့ နောက်ပိုင်းမှာ ဒေသခံတွေနဲ့ ရင်းနှီး လာရင်ပျော်ဖို့ ကောင်းတယ်ဆိုတာသိလာလိမ့်မယ်ဖြစ်ကြောင်း သူစိတ်ချမ်းသာအောင် ပြောရတာပေါ့ဗျာ..

ဆရာကျောင်းလေးလည်းကျေနပ်သွားပီး သူ့နေတဲ့ရွာကိုပြန်တာပေါ့..
အဲ့ ..သိပ်မကြာဘူး တစ်ပတ်လောက်အတွင်းကျောင်းပိတ်ရက် တစ်ရက်မှာပေါ့ သူလည်း ဘုန်းကြီးကျောင်းက သူ့အခန်းထဲမှာ အေးဆေးနှပ်နေတုန်း ဗြုန်းဆို ဟိုညကလို အသံတွေ ဆူဆူညံညံ ကြားရပါလေရော..
ဆရာကျောင်း လည်းဘာညာပြောမနေဘူး အဝတ်အစားပြင်ဆင်ပီး ချက်ချင်း အပြင်ထွက်လာပါရော.. ဆရာကျောင်းကိုမြင်တဲ့ ဘုန်းကြီးလည်း ဆရာကျောင်းကို ဘယ်သွားမလို့လဲ မသွားနဲ့ အခန်းထဲမှာပဲနေဖို့ပြောပီး ဆွဲထားတယ်တဲ့..

အဲ့နေ့က တစ်ကယ်ဆို့ သူ့ကို ဘုန်းကြီးက ကယ်လိုက်တာပဲဗျ..
ဘာလို့လဲဆိုတော့.. ..သူကြားရတဲ့ ဆူဆူညံညံ အသံတွေက သူထင်သလို ပွဲမဟုတ်ဘူးလေ..
ပွဲတော့ ပွဲပဲဗျ .. အဲ့တုန်းက စိုင်းနော်ခမ်း နဲ့ သူ့အပေါင်းအပါတွေရယ် မူးယစ်၊လက်နက်ကုန်သည်တွေရယ် ဘာအဝေမတဲ့ကြလဲမသိဘူး နေ့လည်ခေါင်ခေါင် မဲခေါင်မြစ်ထဲမှာ စပိဘုတ် တွေနဲ့ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေ ထဲကလို တိုက်ပွဲချကြတာ ကျနော် ကိုယ်တိုင် မြင်ခဲ့ကြားခဲ့ရတယ်ဗျာ..

ဆရာကျောင်းနေတဲ့ ဘုန်းကြီးကျောင်းနဲ့ ပိုနီးလို့ ကျနော်လည်း သူ့ကိုစိုးရိမ်သွားပီး ဖုန်းဆက်လိုက်တော့ သူက မြစ်ဘေးကို သွားကြည့်မလို့လုပ်တုန်း ဆရာတော် ဆွဲထားလို့  လုံလုံခြုံခြုံ ရှိပါကြောင်း ကြားရလို့ စိတ်အေးသွားရတယ်ဗျာ..

>>>>>>>>>>>>>
ခုတော့လည်း ဟိုအရင်ကလို မဟုတ်တော့ပြီ.....
အဲ့ #ဆရာကျောင်း ဟာ မိန်းမရ ကလေးရပြီး အဲ့ရွာကျောင်းမှာ ပျော်နေလေရဲ့..

#ဆရာကျောင်း သို့

သတိရစွာဖြင့်..
                                     Ye Myint Oo