Friday, February 19, 2016

ဗေဒါလမ်း (၉) – စုန်ဆန်ရတရား

ပန်းပါဘိ ၊ ဗေဒါဆွေ။
ကျူရိုးရှင် ပီပီကလေး၊ တေးသံကဝေ။
စုန်ဆန်ရ တပေပေ၊ ဒီရေနယ်တကျေး။
ဒီချောင်းရေ ဗေဒါလမ်း၊ ပန်းဘွယ်တဲ့လေး။

အိုအချင်း ကျူရိုးရှင်။
နေသာမှာ ရွာရဟန်း ၊ ဆွမ်းခံ
ထန်းတစ်ဖျား နေကိုမြင်၊ ရွာပြင်ကတံတား။
ဆွမ်းခံပြန် ရွာကိုရှား၊ နေ့တိုင်းပါလား။

အိုအချင်း ကျူရိုးရှင်။
ဟင်းရွက်စုံ နှစ်ပုံထပ်၊ လောင်းစပ်မှာတင်။
ဈေးသမား မယားလင်၊ တစ်ရွာဝင် တစ်ရွာသွား။
အိမ်အပြန်ပုစွန်ငါး၊ နေ့တိုင်းပါလား။

ဒီတက်တော့ သူထက်သန်။
ဒီကျလျှင် သူရွှင်လန်း၊ တန်းစီလို့ပြန်။
အလဲလဲအဖန်ဖန်၊ စုန်ဆန်ရတရား။
ဗေဒါဆွေ ဒီရေသွား၊ မြင်ထားလို့လား။

ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်စာစောင်၊ ၁၉၅၇ – ၁၉၅၉)