Sunday, February 14, 2016

လူ 'အ' ကြီး (မောင်အေးချမ်း ... ရေးသည် ။)

#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေပြီး ဘာလို့ပဲပြုတ်နဲ့နံပြား ကြိုက်ရတာတုန်းဗျာ ... ဒီခေတ်ဗိုလ်ချုပ်တွေလို ဘလူးတွေ ဘလက်တွေ ကြိုက်ခဲ့ပါတော့လား ... အဲ့ဒါမှ ခင်ဗျားအကြောင်း ဟောတဲ့ပြောတဲ့သူတွေကို ဘလူး ဘလက် လေးနဲ့ဧည့် ခံကြမှာပေါ့ ... ခုတော့ ဘယ်သွားသွား သူတို့ခမျာ ပဲပြုတ်နဲ့နံပြားပဲ စားနေရတယ် ...

#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားကြီးကလေ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေပြီး လမ်းဘေးမှာ အကြော်၀င် စားရသလားဗျာ ... ဒီခေတ်ဗိုလ်ချုပ်တွေလို ဟိုတယ်မှာ တက်ပြီး စားပါတော့လား ... ခုတော့ ခင်ဗျား စားခဲ့တဲ့အကြော်တွေ ကြွေးနေကြတယ်ဗျ ...

#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားဗျာ ဖဆပလ ဥက္ကဋ္ဌ အိိမ်သွားတုန်းက သင်္ဘောဆက်သွား မရလို့ဆိုတာကို လာကြိုတာတောင် မစောင့်ပဲနဲ့ ဘာလို့ ဇွတ်ဆင်းပြီး ခြေလျင် လျှောက်သွားရတာတုန်းဗျာ ဒီခေတ်ကလူတွေကတော့ ဘုရားရင်ပြင်ပေါ်တောင် ကားနဲ့တက်ကြတာဗျ ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ဘက်စ်ကား စီးရတာတောင် မသတီတော့ဘူး လေဗျာ ...

#ဒီမှာ ဦးအောင်ဆန်း
ဖဆပလ ဥက္ကဋ္ဌအိမ်ရောက်တော့ ခြံစောင့်အဆင့်လောက်ရှိတဲ့လူက ထိုင်ခိုင်းတဲ့နေရာမှာ ဘာကိစ္စ ထိုင်ရတာတုန်း ... ပြီးတော့ဗိုက်ဆာလွန်းလို့တဲ့ ကျွန်တော်တို့ စားစရာလေးများရမလားဗျာ တဲ့ တောင်းစားတာ ... ဟိုလူက သနားလို့ ချကျွေးတဲ့ ကောက်ညှင်းပေါင်းကို ပလုတ်ပလောင်းစား ရေလေးသောက်ပြီး ကြမ်းပြင်ပေါ်ပြန်ထိုင်နေတာ ... ဥက္ကဋ္ဌရောက်လာမှ ခင်ဗျားကြီးကို နှုတ်ဆက်လို့ ဟိုလူက ဗိုလ်ချုပ်မှန်း သိပြီး ကြောက်တာမှတုန်လို့လေ ... ဒီခေတ်ဗိုလ်ချုပ်တွေလို ငါ့မသ်ိရကောင်းလား ဆိုပြီးတော့ စစ်ဖိနပ်နဲ့ကန် သေနတ်ဒင်တွေနဲ့ ထုပါတော့လား ... ခင်ဗျားကြီးအဲ့လိုလုပ်ခဲ့တော့ ကျွန်တော်တို့ ထိုင်ခုံမှာထိုင်ဖို့ တောင်မှ စိတ်မသန့်ဘူး ဗျ...

#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားကြီးဗျာ ကိုယ့်ကိုလိုတာရှိ သုံးရအောင်လာလှူတဲ့ရွှေဒင်္ဂါးတွေကိုများ ထားခဲ့ မနက်ဖြန် ဖဆပလ အဖွဲ့ကြီးဆီကျုပ်ပေးလိုက်ပါ့မယ်တဲ့ ... ခင်ဗျားကြီး အဲ့လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေက ၃ သိန်းထက်ပိုမယူရဲကြတော့ဘူးလေဗျာ ...

#ဒီမှာ ဦးအောင်ဆန်း
ခင်ဗျားချစ်လှပါပြီဆိုတဲ့ ခင်ဗျား မိန်းမ ဒေါ်ခင်ကြည်ကို ရဲဘော်လေးတွေက စျေးချင်းတောင်းလေးကူဆွဲပေးတာကို ဘာလို့ဆူရတာတုံး ... ဘာတဲ့ သူတို့ကိုစျေးချင်းမဆွဲခိုင်းပါနဲ့ကွာ ... သူတို့တွေက နိုင်ငံတော်အတွက်ကွ တဲ့ ... ဒီခေတ်မှာလေ လက်အောက်ငယ်သားတွေကို အကုန်လုပ်ခိုင်းတာဗျ ... အတွင်းခံတောင်လျှော်ခိုင်းတာ သိလား ... ခင်ဗျားကြီးက အဲ့လိုပြောခဲ့တော့ ကျွန်တော်တို့ သူများကိုအနိုင်ကျင့်ရမှာမရဲတော့ဘူးဗျ ...

#ဒီမှာ ဦးအောင်ဆန်း
အိမ်ကိုဆန်လေးဆီလေး လာကန်တော့လို့ လက်ခံရင် မင်းအရင်ဆုံး ထောင်ထဲ၀င်ရမယ်လို့ ပြောတယ်ဆိုဗျ ခင်ဗျား အပါးတော်မြဲကို ... အဲဒီတုန်းကခင်ဗျား စားနေရတဲ့ထမင်းက ရဲဘော်တွေတောင်မစားနိုင်တဲ့ ထမင်းတွေလေဗျာ ... ခင်များကြီးအဲ့ လိုလုပ်ခဲ့တော့ ဒီခေတ်လူကြီးတွေ လည်း သူတို့ကိုယ်တိုင်မယူရဲကြတော့ ဘူးပေါ့ဗျာ ... အိမ်ကမိန်းမဆီ ပို့လိုက်လို့ပဲ ပြောကြတော့တာဗျ ...

#ဒီမှာ ဦးအောင်ဆန်း
ကျွန်တော်ဆက်မပြောပါရစေနဲ့တော့ ဗျာ ... ခင်ဗျားလုပ်ခဲ့သမျှတွေအားလုံးက ကျွန်တော်တို့ရင်ကို ကိုင်လှုပ်ဆွဲယမ်း ပရမ်းပတာ ဖြစ်အောင်လုပ်သွားတာတွေ ချည်းပဲ ... ကျွန်တော် ခင်ဗျားကြီးကို မသိဘူး မမှီလိုက်ဘူး ... ဒါပေမယ့် ခင်ဗျားကြီးက ကျွန်တော့် နှလုံးသားထဲမှာဘာကိစ္စနဲ့များ နေရာများများ ယူထားရတာတုန်းဗျာ ... ခင်ဗျားကြီး မွေးနေ့နီးလာတိုင်း ... ဇူလိုင် ၁၉ ရောက်တိုင်း ခင်ဗျား ကြီးကျွန်တော့် ကိုအရမ်းနှိပ်စက်တယ် ...
တော်ပြီဗျာ ... ဆက်မရေးတော့ဘူး ... ကျွန်တော် ထပ်မငိုချင်တော့လို့ပါ ...

(လူဗိုလ်ဟူသည် မှ ကူးယူဖော်ပြပါသည် ။)