ကိုယ်ဟာ အိပ်မက်ထဲအထိ
အရောင်တွေကိုလိုက်ဖျက်နေမိတယ်။
ဒီလိုနဲ့ ကိုယ့်အိပ်မက်အားလုံး
အရောင်မဲ့သွားချိန်ကျ
ကိုယ့်လက်မှာ အရောင်တွေနဲ့။
အဝေးကအသံမစဲမဟာပဋ္ဌာန်းရွတ်သံ
သဲ့သဲ့ကြားတယ်။
ရင်ထဲကအပူတွေ နဲနဲစဲသွား၊
ကိုယ့်ခြေလှမ်းတွေကို နောက်ပြန်ဆုတ်ဖို့
ကြိုးစားမိပြန်တော့
ဒီအမှောင်ထုရဲ့အလယ်မှာ
ဘယ်ဟာအရှေ့၊ဘယ်ဟာအနောက်မှန်း
ကိုယ်ဘယ်လိုမှ မှန်းမရပြန်ဘူး။
မသေချာခြင်းတွေက ကိုယ့်အနားမှာ
တဝေ့ဝေ့ ၀ဲနေတော့
ကိုယ့်စိတ်တွေလည်း အရောင်တွေနောက်
တကောက်ကောက်ပါသွား။
အပြန်လမ်းကိုမှတ်မိအောင်
ဒီအရောင်တွေကိုပဲ
တစစီခြွေချထားခဲ့ရမလား ။
နွေဦးလေတွေတိုက်နေပြီ
ဒီအချိန်မှာမှ
အိပ်မက်ကမနိုးသေးရင်
မနက်ခင်းကိုဘယ်တော့မှ
ပြန်ချဉ်းကပ်ခွင့်ကြုံမှာ မဟုတ်တော့ဘူးတဲ့။
ဒါပေမဲ့ ရှားလော့ဟုမ်းစကား ငှားသုံးရရင်
ခံစားချက်ဆိုတာ ၊ ဘုံပိုင်ခေါင်းလို
ဖွင့်ချင်တိုင်းဖွင့်၊ ပိတ်ချင်တိုင်းပိတ်လို့မရဘူးမဟုတ်လား။
ဒီတော့လည်း စိတ်တံခါးကိုစေ့ရုံပဲစေ့ထားလိုက်တယ်။
နွေဦးလေက တံခါးလာခေါက်တော့လည်း
လဘက်ရည်တစ်ခွက်နဲ့ ဧည့်ခံလိုက်ရုံပေါ့။
မင်းသန့်