Friday, February 19, 2016

''ဗေဒါလမ်း (၁၂) – စိုင်းဦးမှာလား ''

ပင်လယ်ဝဆီက
ဒီတက်စလှိုင်းဘောင်ဘင်။
မဗေဒါတဟုန်ထိုး၊ ချောင်းရိုးကိုဝင်။
မိုးမမြင် လေမမြင်၊ ပန်းဆန်ချင်လေတိုင်း။
ရေထဦးပေမို့
စိတ်ကူးယဥ် ယဥ်လေတိုင်း၊ ပန်းထင်ရာစိုင်း။

အထက်ချောင်းကျတော့
ဒီညောင်းစချောင်းရေသာ။
မဗေဒါကိုယ်ရှိန်သတ်၊ လှမ်းတတ်နိုင်ပါ။
စိုင်းခဲ့တဲ့ ခရီးတာမှာ၊ သာနာစုံပုံခဲ့။
ရေသင်ဖြူးပေမို့
ပွင့်ဖူးစုံငုံတံနဲ့၊ ပန်းမူရာနွဲ့။
ပန်းအလှ မဗေဒါ … တဲ့။

ကျူရိုးရှင်ပီပီကလေး၊ တေးသံကသာ။
ပင်လယ်ဝဆီက
ဒီရေကျခွန်းစလာ၊ လွမ်းစရာပါတကား။
မိုးမမြင်လေမမြင်နဲ့
ထီမထင်စုန်ချင်တိုင်း၊ စိုင်းဦးမှာလား။ ။




ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆ဝ)