Monday, February 8, 2016

စိန်ဗေဒါ မရှုမလှရှုံးတဲ့ပွဲ

စိန်ဗေဒါ ဟု ဆိုလိုက်လျှင် မြန်မာ့ဆိုင်းလောကတွင် နောက်တစ်ယောက်မရှိသူ ၊ ပထမဆုံး နိုင်ငံခြားသွား ဆိုင်းဆရာအဖြစ်ယနေ့ထိတိုင် သိရှိနေကြဦးမှာပင်။ ထိုသို့ ပြိုင်ဘက်မရှိသူ မြန်မာ့ဆိုင်းပညာရှင် ရွာစားကျော်ကြီး စိန်ဗေဒါ မရှုမလှရှုံးနိမ့်ခဲ့သော ပွဲတစ်ပွဲရှိခဲ့သည် ဆိုလျှင် အားလုံး အံသြသွားကြမှာပါ။

တကယ်ပင် ဆိုင်းဆရာကြီး စိန်ဗေဒါရှုံးခဲ့တဲ့ပွဲကို ဆရာမကြီးလူထု ဒေါ်အမာက အောက်ပါအတိုင်းဆောင်းပါး ဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။
” တစ်ခါတော့ လူတစ်ယောက် ငါတို့ဆိုင်းကို လာငှားတယ်။ ဒီလူ့အိမ်ကို ဆိုင်းလာငှားတော့ ငါ့မှာလည်း သူလိုချင်တဲ့ရက်က ပွဲအားနေတာမို့ တီးရမယ့်ရက် သေသေချာချာမေး ၊ ကြေးကိုပြောပြီး စရန်ပေးတာ ယူထားလိုက်တယ်”

ဒီလူပြန်ခါနီးတော့ “ဆရာကြီး အဲဒီနေ့ကျရင် ဆိုင်းပြိုင်တီးရလိမ့်မယ်နော်” ပြောပြီး ပြန်သွားတယ်။ ငါကလည်း ငါတို့ ဆိုင်းနဲ့ အပြိုင်တီးနေကျ ငါ့အစ်ကို ကိုကြီးစိမ့်ဆိုင်းနဲ့ ကိုဘခင်ဆိုင်း ၊ ဒီဆိုင်းနှစ်ဆိုင်းသာ ငါတို့က ပြိုင်ရလေ့ရှိတာကိုး။ တခြားဆိုင်းတွေက ပြိုင်ရဲတာမှ မဟုတ်ပဲကလား။

အဲဒီတော့ ဘယ်သူ့ဆိုင်းနဲ့ ပြိုင်ရမှာလဲ ၊ ဘယ်ကဆိုင်းလဲ မမေးမိလိုက်ဘူး။ ခပ်အေးအေးပဲ ။ အဲ တီးရမယ့်နေ့တော့ဖြင့် ငါ့တပည့်တွေကို “ဒီနေ့ဆိုင်းပြိုင်ရှိတယ်” လို့ပြောထားတယ်။ တို့ဆိုင်း အလှူကိုရောက်တဲ့အခါ တို့နေရာနဲ့ မလှမ်းမကမ်းမှာ လေးတိုင်စင် တစ်ခုဆောက်ထားပြီး မီးတွေထွန်းထားတာတွေ့ရတယ်။ တီးမယ့်လူသူ အစအနလည်း မမြင်ရဘူး။ သူတို့အဖွဲ့က နောက်ကျလို့ ထင်ပဆိုပြီး တို့ကတို့ပစ္စည်းတွေချခင်းတာပေါ့။ တို့ခင်းကျင်း ပတ်စာကပ်ပြီးတဲ့အထိလည်း အဲဒီ လေးတိုင်စင်အောက် ဘယ်သူမှ မရောက်လာဘူး။

ဒါနဲ့ ငါက ဟိုဆိုင်းဟာ ငါနဲ့ပြိုင်ရမှာလို့ ဝန်လေးပြီး မလာတော့တာ ထင်ပါရဲ့လို့အောက်မေ့လိုက်မိတယ်။ ပြီးတော့ ပွဲထွက်ချိန်တိုင်လာတဲ့အခါ ဆိုင်းထုံးစံအတိုင်း ယိုးဒယား ကရောင်း စတီးတယ်။ အဲဒါပြီးတော့ ငါကိုယ်တိုင် ဆိုင်းထဲဝင်ပြီး အဆူအထ တီးတာပါပဲ။ အဲဒါမှ တီးခါစရှိသေးတယ် ၊ အရပ်သားတွေစုပြီး စက္ကူဆိုင်းဝိုင်းကြီး တစ်ခုမလာတယ်။ စက္ကူဆိုင်းဝိုင်းအပြင် ပတ်မကြီးအားလုံး အပြည့်အစုံ စက္ကူဆိုင်းဝိုင်းကြီးကို ဟိုလေးတိုင်စင်အောက်ကို လာချတော့တာပဲ။ ဆိုင်းတီးမယ့်သူကလည်း ငါ့လိုပဲ အသားမည်းမည်း ၊ ဝ၀တုတ်တုတ် ၊ ငါဝတ်သလို အင်္ကျီကြောင်ကြားကြား လုံခြည်ကြောင်ကြားကြားနဲ့ တကယ့်ငါ့ဂိုက်အတိုင်း။

ပြီးတော့တစ်ခါတည်း ပါးစပ်နဲ့ ပါးစပ်ဆိုင်း တီးတော့တာပါပဲကွာ။ အဲဒီအခါမှာ ငါ့ဆီကပရိသတ်တွေ အကုန်လုံး အဲဒီဆိုင်းဝိုင်းဘက် ဝေါ ဝေါ ဝေါ နဲ့ ရွှေ့သွားလိုက်ကြတာ ငါ့ဆီမှာ လူမရှိတော့ဘူး။ ငါလည်းမျက်လုံးပြူးလာပြီး တတ်စွမ်းသရွေ့ အစွမ်းကုန်တီးတော့တာပဲ။ ဒါပေမယ့် မရပါဘူး။ ဘာလုပ်လို့မှ မရဘူး။ ငါ့ပွဲ ပျက်ကရော။ သူတို့ဝိုင်းမှာတော့ တဝေါဝေါ တဟားဟားနဲ့ ပေါ့ ။ အဲဒီတော့ ငါ့မှာ ဆိုင်းကိုသိမ်းပြီး ဖျာအုပ်ထားခဲ့ရတယ်။ ဒီအချိန်မှာ ငါကောင်းကောင်းကြီး ရှုံးခဲ့ရတဲ့ပွဲပဲ” ဟူ၍ ရယ်ကာမောကာ ပြောပြသည်သူ၏။

ဆရာစိန်ဗေဒါ ဆိုလိုရင်းကား လူတစ်ဖက်သားကို အထင်မသေးရန် ၊ အထင်လည်းမကြီးရန် ၊ မိမိအလုပ်ကို မိမိကြိုးစားလုပ်ရန် ၊ အရာရာကို မထီမဲ့မြင် သဘောမထားရန် ဖြစ်ပြီး တပည့်အပေါင်းအား သာဓကပြကာ ဆုံးမသည့်အနေဖြင့် ပြောပြခြင်းဖြစ်ဟန်တူပါတယ်။ ဒါကြောင့်လည်း သူဟာ ပြိုင်စံရှား ဆရာတစ်ဆူ ဖြစ်နေသည့် တိုင်အောင် အမြဲတစေ မနားမနေ ဆိုင်းတီးခြင်းကို ကျင့်နေခဲ့တာပင်။

ထိုသို့ အမြဲမပြတ် လေ့ကျင့်နေသာ စိန်ဗေဒါကို မြင်ကြသူများက
“ခင်ဗျားကို မှီမယ့်သူလည်း မရှိတော့ပါဘူး စိန်ဗေဒါရယ်၊ ဒီလိုမျိုး မနားမနေလေ့ကျင့်စရာ မလိုတော့ပါဘူး”
ဟု ဆိုကြသောအခါ ဆိုင်းဆရာကြီးစိန်ဗေဒါက
“ကျုပ်က တခြားသူနဲ့ ပြိုင်ဖို့ လေ့ကျင့်တာ မဟုတ်ပါဘူး။ ကျုပ်ကိုယ်ကျုပ် ပြန်ပြိုင်ဖို့ လေ့ကျင့်နေတာပါ။ မနေ့က စိန်ဗေဒါကို သည်နေ့ စိန်ဗေဒါက ချိုးနိုင်ရမယ် ။ သည်နေ့ စိန်ဗေဒါကို နက်ဖြန် စိန်ဗေဒါက ချိုးနိုင်ရမယ်ဗျ ။” ဟူ၍ စိန်ဗေဒါ့စကားဟူသော လူတိုင်းပြောစမှတ်တွင်စေမယ့် စကားကို ဆိုခဲ့ပါတယ်။

Ref:
ပထမမြန်မာများ – မင်းယုဝေ
မြန်မာ့သမိုင်းဝင် သမိုင်းတင်ခဲ့သော ဖြစ်ရပ်များ – နန္ဒာမိုးကြယ်
မြန်မာ့စွယ်စုံကျမ်း

ayesay