Friday, February 19, 2016

''ဗေဒါလမ်း (၁ဝ) – ပန်းပန်လျက်ပဲ ''

ညိုပြာပြာ လတာပြင်ခြေရင်း။
လှိုင်းတက်ရာ ဗေဒါသက် ၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေ ရေပေါလော၊ မျောစုန်လို့လာ။
အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး။
အုန်းလက်ကြွေသူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင်ခဲ့လဲ မသက်သာ။
နောက်တစ်ချီ ဒီတစ်လုံးက ၊ ဖုန်းလိုက်ပြန်ပါ။
မြုပ်လေပေါ့ ၊ ပေါ်မလာ၊ မဗေဒါအလှ။
တစ်လံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ။
ချောင်းအဆွယ် ၊ မြောင်းငယ်ထဲက ၊ ဘဲထွက်လို့လာ။
ဘဲအုပ်မှာ တစ်ရာနှစ်ရာ ၊ မဗေဒါက တစ်ပင်ထဲ။
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ ၊ ပန်းပန်လျက်ဘဲ။ ။



ဇော်ဂျီ
(တက္ကသိုလ် အိုးဝေမဂ္ဂဇင်း၊ ၁၉၆ဝ)