Sunday, July 13, 2014

World Heritage Pyu Ancient City Beikthano.

12. July. 2014. Post (3)

အဲဒီလို ခမယ်မင်း သီရိမာရက နယ်မြေမချဲ့ထွင်ခင် ၂၀၅ ခုနှစ် မတိုင်မီ
ကာလကပဲ စစ်တောင်းမြစ်အကြေပိုင်းမှလူများဟာ မြောက်ဖက်သို့
တဖြည်းဖြည်း ဝင်ရောက်လှုပ်ရှားနေပြီဖြစ်ပါတယ်၊ ထိုသူတွေက မွန်များနဲ့
အန္ဒိယတောင်ပိုင်းကရောက်လာခဲ့တဲ့ ပါဏ္ဍျ (Pandya) သား အဆက်အနွယ်
တွေဖြစ်ပါတယ်။

ယခုကျိုက်ထိုမြို့ရဲ့ အနောက်တောင်ဖက် ငါးမိုင်အကွာ အရက်သမနဲ့ ဝင်းက
ရွာ၂ ရွာကြားမှာရှိတဲ့ တိုက်ကလားဆိုတဲ့အရပ်ဟာ လဝီရ်စိင် (Lbir-Cin)
အမည်ရှိတဲ့ ဆိပ်ကမ်းမြို့ကြီးဖြစ်ခဲ့ပြီး ဆင်ပင်လယ်လို့ အနက်အဓိပ္ဗါယ်ရှိတဲ့
ထိုဆိပ်ကမ်းမြို့ကြီးက မုတ္တမပင်လယ်ကွေ့ကမ်းခြေတစ်လျှောက်မှာ
ခရစ်တော်မပေါ်မီ အချိန်မှ ခရစ်နှစ် ၈ ရာစု၊ ၉ ရာဟုလောက်အထိ မွန်တို့ရဲ့
အချက်အချာအရပ်ဒေသဖြစ်ခဲ့တယ်။

ခရစ်နှစ် ၃ ရာစု၊ တရုတ်မှတ်တမ်းမှာ ထိုမွန်ဆိပ်ကမ်းအမည်က Pi-Chiem
(ရှေးဟောင်းအသံထွက် bji-Kian) လို့ အသံဖလှယ်ထားပြီး ခရစ်နှစ်ရှစ်ရာစု
တရုတ်သမိုင်းမှတ်တမ်းမှာ Mi-Chen (ရှေးဟောင်းအသံထွက် Mijie-Zien)
လို့ အသံဖလှယ်ထားပါတယ်။
ပါရှ သမိုင်းမှတ်တမ်းမှာတော့ Mu-Sa/ Mu-Sha လို့ ရေးမှတ်ထားပါတယ်။
ခရစ်မပေါ်မီနဲ့ ပေါ်ပြီးနှစ်ပေါင်း ငါးရာခြောက်ရာအတွင်းမှာ မလေးကျွန်းဆွယ်
ရဲ့အစွန်ဆုံးဒေသ ယခု ဂျာဟော (Jahor) နယ်နဲ့ စူမတြာ (Sumatra) မှာ
အခြေစိုက်တဲ့ မလေးပင်လယ်ဓါးပြများဟာ မလက္ကာရေလက်ကြားတစ်ဝိုက်
မှာသာမက မလေးကျွန်းဆယ်ကျွန်းဆက်ဒေသ၊ မုတ္တမပင်လယ်ကွေ့နှင့်ရခိုင်
ကမ်းရိုးတမ်းတလျှောက် လှုပ်ရှားခဲ့ပါတယ်၊ ထိုပင်လယ်ဓါးပြများကို
ပင်လယ်ယာကျွန်း (Sea Jakum) ဟုလည်းကောင်း၊ ပင်လယ်လူ
(O Rang Lout) ဟု လည်းကောင်းခေါ်ဆိုသူတွေကတော့ နှောင်းလူတို့က
စလုံလို့ ခေါ်တဲ့သူတွေပဲဖြစ်ပါတယ်။

အရှေ့ဖက်တခွင်ဆီကို ခရီးထွက်နေတဲ့ အိန္ဒိယတိုင်းသားတို့ဟာ
ထိုပင်လယ်ဓါးပြများကို ကြောက်ရွံ့ရပါတယ်၊ ဒါ့အပြင် ကျယ်ပြန့်တဲ့
ပင်လယ်ပြင်ရဲ့ ရုတ်တရက် ပေါ်လာတဲ့ သဘာဝဘေးအန္တရယ်တွေလည်း
ရှိပါတယ်၊ ကုန်သည်တွေ၊ လှေနဲ့ အသက်မွေးသူတွေဟာ တိုင်းခြားဆိပ်ကမ်း
တစ်ခုခုကို သွားနေစဉ် နေရင်းအရပ်ကို ပြန်ရောက်ဖို့ အချိန်ကာလကို
ကြိုတင်မှန်းဆဖို့ခက်သလို နေရင်းအရပ်ကိုရွှေထုပ်ပိုက်ပြီး ပြန်ရောက်ဖို့လည်း
ခဲယဉ်းခဲ့ကြပါတယ်၊ အများအားဖြင့် မွေးဖွားရာအရပ်သို့ ပြန်မရောက်တော့ပဲ
တစ်ရပ်တစ်ရွာမှာ ခေါင်းချသွားကြပြီး အနေကြာလာတဲ့အခါ ဒေသခံ
အမျိုးသမီးတစ်ဦးဦးနဲ့ ပေါင်းဖော်မိပြီး အဆက်အနွယ်ပွားပါတော့တယ်။
သို့သော် ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ပေါက်ဖွားလာကြတဲ့
ရင်သွေးများဟာ အမိဖက်သို့သာ ပါတတ်ကြပြီး မိခင်ဖက်က အဆက်
အနွယ်များသာ ဖြစ်ခဲ့ကြပါတော့တယ်။

မွန်တို့မှာ ရှေးဟောင်းသားချော့သီချင်း (၃)ပုဒ် ရှိပါတယ်။
အချို့သောမွန်တို့သည် ဂေါဒဝါရီမြစ်ဝတစ်လျှောက်မှ သံလွင်မြစ်ဝရှိ
ဘီလူးကျွန်းသို့ရောက်လာကြောင်း၊
ဒုတိယသီချင်းမှာ အချို့သောမွန်တို့သည် ဂင်္ဂါမြစ်ဝှမ်းမှ တိကုမ္ဘသို့
ဆိုက်ရောက်လာကြောင်း၊
တတိယသီချင်းတွင် အချို့သောမွန်တို့သည် တိလင်္ဂနမှ သုဝဏ္ဏပူရသို့
ရောက်လာကြောင်း ရေးစပ်ထားပါတယ်တဲ့။
ရပ်ရွာကိုလည်းကောင်း၊ မိဘကိုလည်းကောင်း ခွဲခွာခဲ့ရပြီဖြစ်လို့ မည်သည့်
အခါတွင်မှ နေရင်းအရပ်သို့ပြန်ရောက်ပြီး မိဘများနဲ့ ပြန်လည်ဆုံစည်းနိုင်
ပါ့မလဲလို့ ပူဆွေးလွမ်းဆွတ်ပုံကို ဖွဲ့ဆိုထားခြင်းဖြစ်ပါတယ်။
ရှေးအခါက အိန္ဒိယမှ လာရောက်နေထိုင်သူများ (Indian Immigrants) က
ဒီလိုသီချင်းတွေရှိနိုင်သလို မွန်ဘာသာသို့ပြန်ဆိုထားတဲ့ ဒီလိုသီချင်းမျိုးလည်း
ရှိနိုင်ပါတယ်။

အထက်က သားချော့သီချင်း (၃)ပုဒ်ကတော့ ခရစ်နှစ်တစ်ဆယ့်ကိုးရာစုနှစ်
လောက်က မွန်ပညာရှိတစ်ဦးဦးရေးစပ်ခဲ့တဲ့ သီချင်းများဖြစ်နိုင်ပြီး ကာလ
စောလွန်းလှခြင်းတော့မရှိပါဖူး၊ ဒါပေမယ့် ဒီသီချင်း(၃)ပုဒ်ဟာ မွန်တို့ရဲ့
နယ်မြေမှာ အီန္ဒိယသြဍ (Odda)( ကလိင်္ဂ- Kalinga)သား၊
အာန္ဒြ(အာန္ဒရ)( Andhra) သား နဲ့ ဒြဝိဍ( Dravida)သား များရဲ့
အဆက်အနွယ်တွေ ရှိခဲ့ကြောင်းရဲ့ ရောင်ပြန်ဟပ် ( Reflected) ခြင်းပါပဲ။
ဒါဟာ မွန်တို့က အိန္ဒိယ အရှေ့ဖက်ကမ်းခြေ တလျောက်မှ မြန်မာနိုင်ငံကို
ဝင်ရောက်လာသူတွေ လုံးဝမဟုတ်တဲ့အတွက် အရှေ့ဖက်ကမ်းခြေက
ဝင်ရောက်အခြေချသူ အိန္ဒိယသားတွေကို ညွှန်ပြခြင်းပဲဖြစ်ပါတယ်​။

Myo Swe Than ၏ fb စာမျက်​နှာမှ ကူးယူ​ဖော်​ပြပါသည်​။