Friday, July 4, 2014

သံသယပျောက်ပါစေ….

ကိုယ်တွေ့ဘဲ စပြောပါရစေ…

ကျနော်တို့လင်မယား စကားမများစဘူး စများကြတဲ့
လွန်ခဲ့တဲ့ ၅ နှစ်ကျော် ကာလလောက်က
အဖြစ်အပျက် လေးပါ …

အိမ်အပြီးပြန်သွားတဲ့
သူငယ်ချင်းတစ်ယောက်ကြောင့် စတင်ခဲ့တာပါ…

ကျနော့်ဖုန်းနံပါတ်ကိုသူ့မိတ်ဆွေ
ကောင်မလေးတစ်ယောက်ဆီ
ပေးထားခဲ့တယ်…
ကျနော့်ကိုသူအသိပေးပြောမသွားခဲ့ဘူး…

တစ်နေ့ ဖုန်းခေါ်တယ်…
ရိုးရိုးမခေါ်ဘူး…
ဆန်းသလားဆို ဆန်းတယ်ထင်လည်းရတယ်…
Miss Call ထိုးတယ်…

ကိုယ်မသိတဲ့နံပါတ်ဆိုတော့
မှားဝင်လာတဲ့ဖုန်းဘဲထင်ခဲ့တယ် …
ပြန်မခေါ်ခဲ့ဘူး…

နောက်ပိုင်းအကြိမ်များလာတော့
ကျနော့်မိန်းမက သတိထားမိလာတယ်…

သံသယ ကစတင်ပြီ…
တကယ်တော့ "Miss Call မို့ ကျနော်ပြန်မခေါ်ခဲ့တာ...

သူ့အထင်က သူ့ရှေ့မှာမို့လို့ ကျနော်ဖုန်းမကိုင်ဘူး..
ဘာလျှို့ဝှက်တာလဲ…
ဘာညာပေါ့…..

ဒီလိုနဲ့စတင်လိုက်ကြတာ နှစ်ဘက်စလုံး စိတ်ဆိုးဆိုးနဲ့မို့
ရှင်းလေရှုပ်လေ ပါဘဲ…
နောက်ဆုံးထိ သံသယတော့မပျောက်ဘူး …

ဖုန်းတော့ ကျနော် ပစ်ပေါက်လိုက်မိတယ်…
အေးရော…

တကယ်တော့ အပြီးမအေးသေးဘူး…
တစ်ခဏလေးဘဲ အေးသွားတာ…

ကျနော့်ရဲ့ ဆက်သွယ်မှု့ယန္တရားကြီးတစ်ခုလုံး
အကုန်ပြတ်တောက်သွားတာမို့ ဖုန်းတစ်လုံးထပ်ဝယ်
SIM Card အသစ်ထပ်လဲခဲ့ရတယ်...

သံသယကတော့ ဆက်ငြိနေဆဲပါဘဲ..

ပွင့်ပွင့်လင်းလင်းဘဲ ရှင်းပြချင်ခဲ့တယ်…
ခက်တာက မမျှော်လင့်ဘဲ သူငယ်ချင်းက ဆုံးသွားခဲ့ပြီ…
ဖြေရှင်းခွင့်က နတ္ထိ....

၂၀၁၀ လောက်က fb စသုံးဘို့အကောင့်လုပ်မိတယ်..
မ၀ံမရဲနဲ့ဘဲ စလိုက်မိတယ်..

လူတော်တော်များများလည်း fb စသုံးစမို့ထင်ပါ့...
Social Problem တွေ
အလိမ်ညာထိနေကြတာတွေကို
သတင်းစာမှာဖေါ်ပြနေတဲ့
မှုခင်းတွဲ သတင်းတွေက မမြင်ချင်မှအဆုံးပါ...

စပါပြီ…
ဘယ်ကမှန်းမသိတဲ့ မိန်းကလေးဓါတ်ပုံတွေ
ကျနော့်အကောင့်ဆီ တန်းစီဝင်လာတယ်…
စတင် သုံးခါစဆိုတော့ နားကလည်းမလည်…
အရာရာကို စိုးရိမ်မိနေချိန်...

တကယ်ပါ...အရမ်းလန့်သွားမိတယ်…
ဆိုးချက်က မိန်းမတွေ့သွားတာပါဘဲ…

ကွိုင်တက်ပြီ…
ဆက်မသုံးချင်တော့ဘူး…
ပိတ်နည်းကို လိုက်ရှာပြီးပိတ်လိုက်မိတယ်…

ရှော့ရှိတဲ့ဝါယာကြိုးတစ်ချောင်း
လက်ထဲကလွှတ်ချလိုက်အပြီး
စိတ်ချကျေနပ်သွားသလိုမျိုး
စိတ်ပေါ့ပေါ့လေး ဖြစ်သွားတယ်..

ခုတော့သုံးပြီ..
မသုံးရင် တစ်ခေတ်မဟုတ်ဘူးဗျ…
အဆက်ဆက် ပြတ်ကျန်ခဲ့မှာ…
မျက်မမြင်ပုဏ္ဍားတစ်ယောက်လို
အဖြစ်တော့မခံလိုဘူးလေ…

ဒီတော့ နားလည်မူ့ယူလိုက်ကြတယ်…
သုံးမယ်..
မရှုပ်စေအောင် ကြို ရှင်းကြမယ်…
ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့စခဲ့တယ်…
တစ်ခြားသူငယ်ချင်း ဆိုတာတွေလည်းရှိလာခဲ့တယ်…

ကျနော့်အကောင့်ထဲ
သူငယ်ချင်းမိန်းကလေးတွေရှိနေပါတယ်…
ဘယ်မိန်းကလေးသူငယ်ချင်းကိုမှ
ကျနော် မ Q ခဲ့ဘူး…

တကယ်တော့ Q တယ်ဆိုတာက
လူပျိုလူလွတ်တွေအတွက်သာဖြစ်သင့်တာပါ...

ခုတလော တွေ့နေ ကြားနေရတယ်…
ရင်းနှီးတဲ့ သူငယ်ချင်းတစ်ချို့တွေရဲ့ အသဲကွဲဇာတ်လမ်း…
တစ်ချို့မိသားစုတွေရဲ့ အိမ်ထောင်ရေးပြိုကွဲမှု့...

သံသယတွေ…
စည်းမစောင့်ကြတာတွေ…
စိတ်မကောင်းဖြစ်ရတယ်....

သံသယဆိုတာ
တစ်ဘက်ကထိုးစစ်
တစ်ခြားဘက်ကခံစစ်…

ခံစစ်သမားဆိုတဲ့အတိုင်း ခုခံဖြေရှင်းပေတော့ဘဲ…
လွယ်မယောင်နဲ့ခက်တယ်…
ရှင်းနေသလောက် ရှုပ်တတ်တယ်...

မယုံဘူးဆိုပြီးမှတော့ ဘာဆိုဘာမှ
ဆက်မယုံချင်တတ်ကြတာမို့ တစ်ချို့ဆို နွံနစ်ကြရတယ်…

တကယ်တော့ အရှင်းကြီးပါ...…
ကောင်လေးက မိန်းကလေးသူငယ်ချင်းရှိမယ်...
ကောင်မလေးက ယောင်္ကျားလေးသူငယ်ချင်း ရှိနေမယ်...…
မကင်းနိုင်ကြတာက အသေချာပါဘဲ…

မရှောင်နိုင်တဲ့ fb ရဲ့ သူငယ်ချင်းဆိုတဲ့
ဥပဒေက ကြားခံနေတော့…
တစ်ခါတလေ
စကြနောက်ကြ ...
ပါးစပ်သရမ်းကြ ...
ထင်သလိုကြဲကြနဲ့…

ဘာလုပ်သင့်ပါလဲ…
စဉ်းစားသင့်ပါတယ်…

Profile ဓါတ်ပုံကို ၂ ယောက်တွဲတင်မလား…
ဖြစ်နိုင်ပါတယ်…
ဓါတ်ပုံတွဲရိုက်ထားတာ ပြထားမယ်...
လူသိရှင်ကြားပေါ့…

နောက်တနည်း...
သူငယ်ချင်းတွေထဲက ကျား သို့မဟုတ် မ…
သက်ဆိုင်ရာဘက်ဆီက
ကိုယ်စီ အားလုံးဖြုတ်ချလိုက်ကြမလား…

ဒါကသိပ်တော့ မလွယ်လှဘူး…
ခင်မင်မှု့ဆိုတာက ရှိနေတယ်…
ရိုးသားတဲ့သူတွေအတွက်တော့
အားနာစရာ မျက်နှာပျက်စရာပါ...
သူတို့သိက္ခာကိုလည်း
စော်ကားလိုက်သလိုဖြစ်သွားနိုင်ပါတယ်…

နောက်တစ်ချက်က…
စည်း…
စောင့်သင့်ပါတယ်…
စည်းစောင့်ကြမယ်…
အထူးသဖြင့် အိမ်ထောင်သည်တွေ....

အကောင့်ပိုင်ရှင်ရော
ပတ်သက်ရာ သူငယ်ချင်းတွေရောဘဲ…

ကိုယ်စီတာဝန်ယူတဲ့အနေနဲ့
ချစ်ချစ်ခင်ခင်ဘဲ မောင်နှမစိတ်ဓါတ်ထားသင့်ပါတယ်…

ရေးပါ ..
Comment တွေဝင်ရေးပါ…
ခင်မင်စွာနေပါ ...
ပွင့်လင်းပါ…
အရေးကိစ္စရှိရင် Chat Box သုံးပါ…

ရိုးသားတဲ့ စကားလုံးတွေ
အပြောအဆိုတွေ
အရေးအသားတွေက ပြသနာမဖြစ်နိုင်ပါ...
မလိုအပ်ဘဲတော့ Hi တွေ လုပ်မနေသင့်ပါ…

ကိုယ့်ကြောင့်တစ်ဘက်သား ထိခိုက်နစ်နာစေနိုင်တာတွေ ပြသနာဖြစ်နိုင်တာတွေ ရှောင်ပေးသင့်ပါတယ်…

ဒါမှ fb လောကရဲ့
သံသယကြောင့်ပေါက်ပွါးတတ်တဲ့
လူမှု့ရေးပြသနာဆိုတဲ့ အမွှေဆိုးကြီး
ဟိုးအဝေးကြီးဆီကို လွှင့်ပစ်လိုက်နိုင်မှာပါ…

သူငယ်ချင်းတွေအားလုံး Fb ကို
သံသယကင်းစွာသုံးရင်း
ပျော်စရာကောင်းတဲ့
အကောင့်ပိုင်ရှင်လေးတွေအဖြစ်
အသက်ဆက်ခွင့် ပေးလိုက်ကြပါစို့လားဗျာ…

(ကျနော် မှန်ရာပြောပြီး တောင်းပန်ပါရစေ...
မည်သူတစ်ဦးတစ်ယောက်ကိုမှ
ရည်ရွယ်ရေးသားလိုက်ခြင်းမဟုတ်ရပါ...
အားလုံးအတွက်သာ)
Credit>> မိုးမင်း