Saturday, July 12, 2014

တစ်ပုဒ်တည်းပါ ဖေဖေရယ်

" ဖိုးသားရေးထားတဲ့ စာစီစာကုံးလေး ဖတ်ကြည့်ပေးပါလား ဖေဖေ "

ဖိုးသားစာစီစာကုံးလေးပြခွင့်ပင် မရလိုက်ပါ . . .
ဖိုးသားလက်ရေးနှင့် ရေးထားသောစာစီစာကုံးစာအုပ်လေးပိတ်လိုက်ရသည် ။

" အမရေ … အမ . . . "

" ဘာဖြစ်လို့လဲ … ထွန်းအောင် "
( ကြီးကြီးဒေါ်မြ အသံ )

"သားကို သူ့အခန်းခေါ်သွားပြီး စာပြပေးလိုက်ပါ … "

" ဒီတစ်ပုဒ်တည်းပါ ဖဖေရယ် "

" သား… အဖေအလုပ်များနေတယ်
ကြီးမြနဲ့ လိုက်သွားနော် . . . "

မေမေဆုံးသွားပြီးကတည်းက ဖိုးသားပုံပြင်တွေနားမထောင်ရတော့ပါ
ဖေဖေက သူ့အလုပ်နှင့်အချိန်ပြည့်ရှုပ်နေတက်၏
ကျောင်းစာစီစာကုံးပြိုင်ပွဲမှာ ဖိုးသား"ဖိုးသားချစ်သော ဖေဖေ"စာစီစာကုံးဖြင့် ပြိုင်ခွင့်တောင်းတော့ ဆရာမက ခွင့်ပြုသည် ။ ထို့ကြောင့် ဖေဖေ့ကိုအရင်ရွတ်ပြချင်သည် ဖေဖေ၏ ချီးမွှန်းသံကြားလျင် ဖိုးသားပိုအားရှိသလို ပိုပျော်မိမှာ … သို့ပေမယ့် အခုတော့ . . . 

ဖိုးသား အခန်းအပြင်မှ ကြားနေရ၏
ကြီးကြီးဒေါ်မြက ဖေဖေ့၏ အမအကြီးဆုံးအပျိုကြီး မေမေမရှိတော့ကတည်းက ကြီးကြီး၏ထိန်းကျောင်းမူ့အောက်တွင် ဖိုးသားနေခဲ့ရသည် ။ ဖေဖေကတော့ အချိန်ပြည့် သူ့အလုပ်တွေဖြင့်သာ . . . ။

ဖိုးသား အခန်းအပြင်မှ မသဲကွဲသဖြင့် ဖေဖေ့အခန်းနားကပ်ကာ နားထောင်မိ၏ ။

" ထွန်းအောင် နင်… ဖိုးသားကို ဂရုစိုက်ပါလို့ ငါဘယ်နှစ်ခါပြောရမလဲ "

" အမရယ် အခုကျွန်တော်အလုပ်လုပ်နေတယ်ဆိုတာလည်း သားလေးအတွက်ပဲလေ သားလေးပညာတက်ကြီးဖြစ်ဖို့ မတောင့်မတနေရဖို့ ကျွန်တော်တို့လို သူများဝန်ထမ်းမဖြစ်ပဲ ကိုယ်ပိုင်စီးပွါးရေးလုပ်နိုင်အောင် ကျွန်တော်အရွယ်နဲ့အခွင့်အရေးရှိတုန်းကြိုးစားနေတာလေ "

" နင်ပြောတာက နောက်မှဖြစ်မှာ
ကကလေးဆိုတာ နုနယ်တယ်ဟယ့် … ငယ်ရွယ်စဉ်မှာ စိတ်ဒဏ်ရာဖြစ်သွားနိုင်တယ်ဆိုတာ နင်သိရဲ့လား …
အခုဖိုးသားလိုချင်နေတာ တိုက်တွေလည်းမဟုတ်ဘူး ကားသစ်လည်းမဟုတ်ဘူး သူ့အဖေအရင်း နင့်ရဲ့ ပြုစုယုယမူ့ နွေးထွေးကြင်နာမူ့ ဂရုစိုက်မူ့ ချီးကြူးအားပေးမူ့ စိတ်ခွန်အားတွေ . . . အေး…… အဲ့သည့် အရာတွေက နင်ရှာထားတဲ့ ငွေကြေးတွေနဲ့ ဝယ်လို့မရဘူးးး ဟယ့် . . . အဲ့ဒါနင်သိလား ? "

" အမ ပြုစုစောင့်ရှောက်ပေးနေတာပဲလေ "

" ထွန်းအောင်ရယ် … ငါတကယ်အံ့သြတယ်သိလား ?
နင်လည်းငယ်ရာက ကြီးလာတာပါပဲ မိဘရဲ့ အားပေးစကားတစ်ခွန်းကက ဘေးသူတွေ အခွန်းတစ်ရာထက် ပိုအားဖြစ်စေတယ် ဟယ့် . . .
အခု ဖိုးသားလေး တစ်ကျောင်းလုံးမှာ စာစီစာကုံးပထမဆုရတယ် ဘာလို့ရလဲသိလား ?
နင် အမှတ်တမဲ့ပြောလိုက်တယ်လေ ' ငါ့သားသာ တစ်ကျောင်းလုံးမှာပထမဆုရရင် အဖေတအားပျော်ပြီး ဂုဏ်ယူမိမှာပဲ ' ဆိုတာလေ . . .
အေး……နင့်စကားတစ်ခွန်းနဲ့ သူကြိုးစားပြခဲ့တယ် အဲ့ဒါနင်သိသလား ? ပြီးတော့ မနက်ဖြန်ဆုပေးပွဲနဲ့ကျောင်းကပွဲလုပ်မယ် သူဆုရတဲ့ စာစီစာကုံးက " ဖိုးသားချစ်သော ဖေဖေ " စောနက နင့်ကိုဖတ်စေချင်လို့ ဖအေဆီက အားပေးစကားလိုချင်လို့ သူရပ်စောင့်နေတာ အကြာကြီး နောက်ဆုံးနင်အားပြီထင်လို့ စာအုပ်လေးကိုင်ပြီးလာတာ . . . နင် ဘာလုပ်လိုက်သလဲ ? . . .
အဲ့ဒါ နင့်သားပါဟာ ကလေးကို စိတ်ဒဏ်ရာမပေးပါနဲ့ ထွန်းအောင်ရယ် ငါတောင်းပန်ပါတယ် . , နက်ဖြန် တစ်ရက်တော့ နင့်အလုပ်နားပြီး စာစီစာကုံး ဆုပေးပွဲလိုက်သွားလိုက်ပါဟယ် . . . ငါတကယ် တောင်းပန်ပါတယ် "

ကြီးဒေါ်မြ၏ စကားများကို ဖိုးသားကြားနေပါ၏
ဖေဖေ့၏ စကားကိုလည်း ကြားနေပါ၏
ဖေဖေ ဖိုးသားကို ချစ်ပါတယ် … ဖိုးသားသိတာပေါ့ ငယ်ငယ်ကဆို ဖေဖေ့ပုခုံးပေါ်က ဖိုးသားမဆင်းဘူးဆို ဖေဖေက တစ်နေ့လုံးပိုးပေးထားတာ
ပြီးတော့ ဖိုးသားလိုချင်တဲ့ အရုပ်တွေဆို အမြဲဝယ်ပေးတာ
ဝလုံးရေးတုန်းကဆို ဖေဖေက အိမ်စာတွေကို ဖိုးသားလက်ကိုကိုင်ပြီးရေးပေးတာ
မေမေ့ကြိမ်လုံးနဲ့ ဖိုးသားနဲ့ကြားကို ဖေဖေကျောက တန်ဆာခံဖြစ်နေကျ … မေမေဆုံးပြီးနောက်ပိုင်း ဖေဖေအလုပ်မှာရာထူးတက်တယ်…အလုပ်ပိုများလာတယ် ဖိုးသားနဲ့ တွေ့ချိန်လည်းနည်းလာတယ် . . . ဖိုးသားကတော့ ဖေဖေ့ကို ချစ်ပါတယ် မေမေ့ထက်တောင်ပိုချစ်သေးတယ် ( မေမေရှိတုန်းက အဲ့လိုပြောတော့ မေမေက နူတ်ခမ်းစူတယ် ) ဖေဖေက တွေ့လား ငါ့သားက ငါ့ကို ပိုချစ်တာ အဲ့တာကြောင့်ငါနဲ့တူနေတာတဲ့ … ဖိုးသားတွေးကြည့်တယ် ဖေဖေကသူနဲ့ပိုတူလေ ဖိုးသားကိုပိုချစ်လေဖြစ်မှာပေါ့နော် … အဲ့ဒါ မေမေ့ကိုမေးကြည့်တော့ ဖေဖေက ငယ်ငယ်ကစာသိပ်တော်တာတဲ့ ဖိုးသားလည်း စာကြိုးစားမှဖြစ်မယ် ဒါမှဖေဖေ့က ဖိုးသားကိုပိုချစ်မှာ . . . မေမေမရှိတော့ ဖေဖေပိုပင်ပန်းလာတယ် ဖိုးသားဝိုင်းကူညီပေးချင်တယ် ဒါပေမယ့် ဖိုးသားမှနားမလည်တာ ဖိုးသားကြီးလာရင် ဖေဖေ့ကို နားခိုင်းပြီး ဖိုးသားအလုပ်လုပ်ပြီး
ဖေဖေ့ကို ရှာကျေးမှာ … ဖေဖေကပြောတယ် ဖိုးသားသာ တစ်ကျောင်းလုံးပထမရရင် ဖေဖေကသိပ်ဂုဏ်ယူမှာတဲ့ ဖိုးသားအခု ပထမရတယ် ဖေဖေ့ကို နက်ဖြန် ဆုနှင့် ဂုဏ်ပြုလွှာပြရင် ဖေဖေသိပ်ပျော်မှာ … … …

" ဒါဆို မနက်ဖြန်သားဆုပေးပွဲပေါ့
အဲ့ဒါမှဒုက္ခပဲ အမရယ် ကျွန်တော်နိုင်ငံခြားဧည့်သည်တွေနဲ့ တွေ့ရမှာ "

" နင်စဉ်းစားပေါ့ ထွန်းအောင်
ကလေးတွေ တကယ်လိုအပ်တာ မေတ္တာတရားပါ
ပြီးတော့ နင့်အတွက် ဖိုးသားက ကြိုးစားထားတာ နင်ကတော့ ကလေးလောက်တောင် ချစ်တက်တဲ့ စိတ်ထားမရှိဘူး နင့်မျက်စိထဲမှာ ငွေတွေနဲပြည့်နေပြီဟယ့် "

" ကျွန်တော် သားနဲ့ စကားပြောကြည့်ပါမယ် အမ
သားအခု သူ့အခန်းမှာလား "

ဖိုးသား ဆက်နားမထောင်တော့ အခန်းထဲသို့ပြေးလာခဲ့၏ ။ ဖိုးသားသိတာပေါ့ ဖေဖေကဖိုးသားကိုချစ်တယ် ဆိုတာ . . . ။ မနက်ဖြန် " ဖိုးသားချစ်သော ဖေဖေ"စာစီစာကုံးဆုချီးမြင့်ရင် ဖေဖေက ပြုံးနေမှာ ပြီးတော့ဖိုးသားကို လက်ခုပ်တီးမှာ . . . ဟိဟိ ပျော်စရာကြီး ……

" သားရေ ဖိုးသားအိပ်သွားပြီလား "

" မအိပ်သေးပါဘူး ဖေဖေ . . . ဘာဖြစ်လို့လဲဟင် "

" ငါ့သားက စာစီစာကုံးပြိုင်ပွဲမှာ ပထမရတယ်ဆို ဖေဖေ့ကိုဘာလို့မပြောတာလဲကွ "
( ဖေဖေ့ လက်ဖဝါးတို့က ဖိုးသား၏ခေါင်းကိုခပ်ဖွဖွပုတ်၏
ဖေဖေရယ် ဖိုးသားပြောဖို့ ဖေဖေ့နားအကြိမ်ကြိမ်လာခဲ့ပါတယ် ဖေဖေမှ အခွင့်အရေးမပေးခဲ့တာ )

" ဖေဖေမအားဘူးထင်လို့ပါ အဲ့ဒါကြောင့် နက်ဖြန်ဆုရတဲ့ ဂုဏ်ပြုလွှာရမှ ဖေဖေ့ကိုပြပြီး ကစားကွင်းလိုက်ပို့ပေးဖို့ ပြောမလို့ "
" အေးပေါ့ကွ ငါ့သားက တစ်ကျောင်းလုံး ပထမဆုရတာပဲ
နက်ဖြန်ကျောင်းကအပြန် တခါတည်းကစားကွင်းလိုက်ပို့ပေးမယ်နော် "

" တကယ်နော် ဖေဖေ "
" အေးပါကွ … ကတိ "

ထိုနေ့ညက ကြယ်တွေလည်းစုံပါ၏
အိမ်မက်ထဲ မေမေအလည်လာ၏
ဖေဖေ့အကြောင်းပြောပြတော့ မေမေကပြုံး၏
ကျွန်တော့်ကို ဖိုးလနတ်သားပုံပြင်ပြောပြပြီး မေမေကရင်ခွင်ထဲထည့်ပြီးချော့သိပ်၏ ။

/\ ……… /\ ……… /\

မနက်ခင်းနေက သိပ်မပူ
မိုးလေးက အုံ့ဆိုင်းဆိုင်း ဖေဖေ့ကားလေး က ကျောင်းလိုက်ပို့ဖို့ ဖိုးသားနှင့် ဖေဖေ့ကို စောင့်နေ၏

" ကြီးမြ မလိုက်နဲ့တော့လေ … ဖေဖေနဲ့ပဲ သွားတော့မယ် အပြန် ကစားကွင်းဝင်မှာဆိုတော့ နောက်ကျမယ် ကြီးမြထမင်းမစားထားနဲ ဖိုးသားဒံပေါက်ဝယ်လာခဲ့မယ် "

" အံမယ် ဖအေ ကျောင်းလိုက်ပို့တော့ ငါ့ကိုခြေစုံကန်ပြီပေါ့
ကန်ပေါ့အေ … ကြီးမြလည်းနယ်ကသူငယ်ချင်းတစ်ယောက် ရန်ကုန်အိမ်ပြောင်းလာလို့ အဲ့ဒါ တခါမှ မဆုံဖြစ်သေးလို့ ဒီနေ့အားတုန်းလေး သွားလိုက်ဦးမယ် ညမှသူတို့ပြန်လိုက်ပို့မှာ …
ထွန်းအောင် … ဖိုးသားကိုဂရုစိုက်ဦးနော် "

" ကြီးမြ … တာ့တာ "

ဖိုးသားနှင့် ဖေဖေတို့ ကျောင်းသို့ထွက်လာခဲ့၏ လမ်းတစ်ဝက်အရောက် ဖေ့ဖေ့ဖုန်းသံမြည်လာ၏ ……

" ဟဲလို … ထွန်းအောင်ပြောနေပါတယ် "

" … … … … … "

" တခြားသူကို ခဏသွားခိုင်းလို့မဖြစ်ဘူးလားဗျာ "

" .… … … … … "

" ဟူးးး ဟုတ်ကဲ့ပါဗျာ … ကျွန်တော်လာခဲ့ပါမယ် "

ဖေဖေ့ ဘလူးတူးလေးထဲမှ သူကဘယ်သူလဲ
ဖေဖေ့ကို ဘာတွေခိုင်းနေတာလဲ ?
ဖေဖေက ဖိုးသားကို လက်ခုပ်တီးပေးရဦးမယ်လေ !
မသွားပါနဲ့ ဖေဖေရယ် … … …

ကျောင်းပေါက်ဝအရောက် ကားပေါ်ကအဆင်း ဖေဖေက
" သား အစီအစဉ်အားလုံးအပြီး ဖေဖေလာကြိုပြီးတခါတည်း ကစားကွင်းသွားမယ်နော် . . . ဖေဖေ့ကို နားလည်ပေးပါ သားရယ် နော်
စာစီစာကုံးဆုပေးပွဲပြီးတဲ့အချိန် မှန်းပြီးလာခဲ့မယ် ဖေဖေ့ကို စောင့်နေနော် "

မသွားပါနဲ့ ဖေဖေရယ်
ဖိုးသားကို ပိုချစ်တာဆို
ဖိုးသားအတွက် လက်ခုပ်တီးပေးမယ်ဆို
စိတ်ကတားနေပေယေ့် နူတ်ကတော့ … … …

" ဟုတ် … ဖေဖေ လမ်းမှာဂရုစိုက်ပါနော်
အပြန်စောင့်နေမယ်နော် ဖေဖေ လာကြိုပါနော် "

" ငါ့သားကို အဲ့ဒါကြောင့်ချစ်တာ "

ဖေဖေက ဖိုးသားနှာဖူးကို ဖွဖွနမ်းပြီးထွက်သွား၏
ကောင်းကင်က မိုးသားတွေ တစ်ဝေါဝေါနဲ့ ရွာချလာ၏
အဝတ်တွေဆိုမှာစိုးလို့ ကျောင်းထဲပြေးဝင်ခဲ့၏ …

/\ ……… /\ ……… /\

ညနေ၏ မိုးသားတို့သည် ဘာကြောင့် သည်နေ့မှ ပိုသည်းရသလဲ ?
" ဖိုးသား … ဆရာမတို့နဲ့ လိုက်ခဲ့လေ မိုးတွေကရွာနေတာကိုး "

" ရပါတယ် ဆရာမ … ဖေဖေလာကြိုမှာပါ
ဖိုးသားကို ကတိပေးသွားတယ် "

" အေးအေးး ဆရာမတို့ သွားတော့မယ်နော် "

တစ်ကျောင်းလုံးကုန်သွားပေမယ့် ဖေဖေ့ကားလေကော ဖေဖကော မရောက်လာခဲ့ပါ
မိုးသည် ဘာကြောင့် သည်းသည်းမဲမဲရွာရသလဲ ?
ဖိုးသား ကျောင်းထဲမှခြေလှမ်းတို့ စတင်ထွက်ခဲ့၏
ထို့နောက် အားရပါးရအော်ငိုရင်း လက်ထဲက ပလပ်စတစ်လောင်းထားသောဂုဏ်ပြုလွှာကို ဆုပ်ကိုင်ထားလိုက်၏
ဖိုးသားက ငိုတော့ မိုးကပိုသည်းလာသည် ။
မျက်ရည်နှင့် မိုးစက်တို့သည် ထီးမပါသောဖိုးသားမျက်လုံးအိမ်တို့ကို ပိုမိုဝေဝါးစလာ၏ ။

သစ်ပင်တို့သည် ယိမ်းထိုးက'နေ၏
လေကြမ်းက တချက်ပြီးတချက် ဝှေ့တိုက်နေ၏
တစ်ခုသော လေပြင်းတစ်ချက်တွင် . . . . .
လက်ထဲက ဂုဏ်ပြုလွှာက လေမှာမြှောက်ကနဲ
ဟင့်အင်း မဖြစ်ဖူး ဒါပြမှ ဖေဖေ ဖိုးသားကိုပိုချစ်မှာ
လေထဲတွင်လွှင့်သွားသော ဂုဏ်ပြုလွှာလေးက ကားလမ်းမထက်သို့ . . .
ထို့နောက် . . . ,
ဘေးလူတွေ၏ အသံတချို့

" ဟေ့ ကလေး … ဟိုမှာကား… … … … … "
" ဆေးရုံ ပို့ကြပါဟ "
" … … … … "
" … … … … … "
" … … … … … … "

ဖိုးသားပျော်ပါသည်
ဖေဖေ့အတွက် ဂုဏ်ပြုလွှာလေး ဖိုးသားမိအောင်ဖမ်းနိုင်ခဲ့၏
အခု ဖိုးသားလက်ထဲမှာ . . .

/\ … … … /\ … … … /\

ည'တစ်ဆယ့်တစ်နာရီ မိုးသားတို့ထစ်ချုန်းစွာသည်းနေ၏
အမှောင်က ကမ္ဘာကို စီးနင်းဝင်ရောက်နေပေပြီ . . . ။

" ထွန်းအောင် … အိပ်တော့လေ . မိုးအတော်ချုပ်နေပြီ …
ဖိုးသားလေး အတွက် ကုသိုလ်ကောင်းမူ့တွေလည်း နင်လုပ်ပေးခဲ့ပြီးပြီပဲ
အလုပ်လည်းမသွားတာ ဖိုးသားလေးဆုံးကတည်းက ခုဆို တစ်လကျော်ပြီ
ညတိုင်း သူ့ကုတင်ဘေးမှာ နင်ရွတ်ပြနေတာကို ဖိုးသားလေးသိမှာပါ
ကိုယ့်ကိုကိုယ် မညင်းဆဲပါနဲ့တော့ …
နင့်ကို ဒီပုံစံနဲ့မြင်ရင် ဖိုးသားလေးလည်း စိတ်ကောင်းမှာမဟုတ်ဘူး "

" တကယ်တော့လေ အမ အဲ့သည့်နေ့က . . . "

" ငါသိပါတယ် မောင်လေးရယ်
ကံကြမ္မာကိုက မောင်လေးတို့သားအဖအပေါ်မှာ ရက်စက်လွန်းတာပါ …
ဖိုးသားလေးဆီ မောင်လေး အချိန်မှီပြန်သွားခဲ့ပေမယ့် traffic jam ကြောင့် အရောက်နောက်ကျခဲ့တာကိုး "

မြမြမျက်ဝန်းတွင် ကံကြမ္မာ၏ရက်စက်ပုံကို အထင်းသားမြင်နေရ၏
အဲ့သည့်နေ့က ထွန်းအောင် တစ်ယောက် ဖိုးသားထံ အချိန်မှီပြန်ခဲ့ပါသောလည်း စည်းကမ်းမဲ့ယာဉ်များ စည်းကမ်းမဲ့လမ်းကူးသူများ မိုးရွာ၍ချောနေသော ကတ္တရာလမ်းမတို့ ကြောင့် ကားလမ်းပိတ်ကာ သားငယ်ဆီသို့ အချိန်မှီ မရောက်ရှိနိုင်ခဲ့ …

ရက်စက်လှသော ကံကြမ္မာက သွေးအေးအေးနဲ့ရက်စက်သွားပုံက
သားနှင့်အဖေကြားကို တိုက်ဆိုင်စွာဖြင့် ခွဲရက်လိုက်လေခြင်း . . . .

" မောင်လေး ခဏနေရင် အိပ်တော့နော် "

" ဟုတ်ကဲ့ပါ အမ … ဒီစာစီစာကုံးလေးရွတ်ဆိုပြီးရင် … … …

ကျွန်တော်တို့ မိသားစုတွင် ဖေဖေရယ် မေမေရယ်နှင့် ဖိုးသားတို့ မိသားစုဝင် သုံးယောက်ရှိပါသည် ။ ဖေဖေကခန့်ချော၍ မေမေကအလွန်ချောကော ဖိုးသားလေးတွင် အချောဆုံးသားလေးဖြစ်ပါသည် ။ တစ်နေ့ မေမေ့ကို ချောင်းဆိုးသည့်ရောဂါနှင့် ဆေးရုံတင်ခဲ့သည် ။ ထို့နောက် မေမေ ဖိုးသားထံ အိမ်မပြန်လာတော့ ။ ဖေဖေသည် ဖိုးသား၏ အဖေကော အမေကောဖြစ်ခဲ့သလို တစ်လောကလုံးတွင် ဖိုးသားအချစ်ဆုံးသူဖြစ်ခဲ့သည် . . . … … … … ……… ……
…… …… …… …… … ……… …… …… … … …… … ………
……… ……… …… ……… "

ဦးထွန်းအောင် အသံတို့ တဖြည်းဖြည်းတိမ်ဝင်လာ၏
သားငယ်၏ ဝိုင်းစက်သောလက်ရေးလေးများက
သားငယ်၏ အပြုံးလေးတို့လို လှနေသည် . . .
တီတီတာတာစကားလေးလို ချစ်စရာကောင်းနေ၏ . . .
ဦးထွန်းအောင် မျက်ရည်တို့သည်လည်း စာအုပ်ပေါ်သို့
… … … တစ်ပေါက်ချင်း … … … … … … တစ်ပေါက်ချင်း … … … … … တစ်ပေါက်ချင်း … … … … … … … ။

သားငယ်၏ စကားသံတို့သည်လည်း . . . ပဲ့ တင် ထပ် လျက် ,

" ဒီ တစ် ပုဒ် တည်း ပါ … ဖေ ဖေ ရယ် "
" ဒီ တစ် ပုဒ် တည်း ပါ … ဖေ ဖေ ရယ် "
" ဒီ တစ် ပုဒ် တည်း ပါ … ဖေ ဖေ ရယ်

Credit>>Ulay Kyi ( ကိုလင်း )