Sunday, July 13, 2014

World Heritage Pyu Ancient City Beikthano.

13.July. 2014. Post ( 1 )

ဗိဿနိုးမြို့ကို ရာမညပူရနာဂရလို့ အိန္ဒိယသားတွေကခေါ်ဆိုနေချိန်ပဲ
ခမယ်ထိုးစစ်ကြောင့် ဆုတ်ခွာသွားခဲ့ရတဲ့ ယခုပြည် မှော်ဇာအရပ်က
သရေခေတ္တရာမှာ ဝိကြမမင်းဆက်က အင်အားကောင်းလာတော့တယ်။
ဒွတ္တဘောင်လို့ ဘယ်မင်းကိုမဆိုအထူးပြုလို့ရတဲ့ မြတ်သောမင်းကြီးဆိုတဲ့
အဓိပ္ပါယ်ပဲရတဲ့ ဒဏ္ဍာရီသမိုင်းပုံပြင်ထဲက စကားလုံးဟာ ဟောဒီ ဝိကြမ
မင်းဆက်ထဲက တစ်ပါးပါးကိုညွှန်းတာဖြစ်ပါလိမ့်မယ်။

သရေခေတ္တရာကနေ ကျောက်နဲ့ ပြုလုပ်ထားတဲ့အရိုးအိုးကြီးတွေ
တွေ့ ရှိရာကနေ သူရိယဝိကြမ၊ ဟရိဝိကြမ၊ သီဟဝိကြမ စတဲ့အမည်တွေ
နဲ့ သူတို့ရဲ့သေဆုံးနေ့၊ လ၊ ရက်တို့ကိုဖော်ထုတ်နိုင်ခဲ့တယ်။
အဲဒီမင်းဆက်ထဲက တစ်ပါးပါးပဲဖြစ်ပါလိမ့်မယ် ဗိဿနိုးကိုချီတက်
တိုက်ခိုက်ခဲ့တော့တယ်။

ပါဏ္ဍျ အဆက်အနွယ်များနဲ့  မွန်တို့လက်ထဲကို နှစ်ပေါင်း ၂၀၀ ကျော်
ရောက်ရှိနေတဲ့ ဗိဿနိုးမြို့ကို ပြန်လည်သိမ်းယူရန် သရေခေတ္တရာမှ
ပျူတပ်ဖွဲ့ဟာ ဧရာဝတီမြစ်စဉ်အတိုင်း ဆန်တက်လာခဲ့ပါတယ်။
ဗိဿနိုးမြို့ ကို ဝိုင်းပြီးတိုက်ခိုက်တဲ့အခါ မမျှော်လင့်ပဲ အရေးနိမ့်ခဲ့ပါတယ်၊
(ပုံပြင်ဒန္တာရီထဲမှာ ရန်ပယ်ချောင်းက ရေတွေလျှံတက်လာခဲ့တယ်လို့
ပြောဆိုကြပါတယ်။)
နောက်ဆုံးမှာ စစ်သည်အင်အားဖြည့်တင်းပြီး အပြင်းအထန်ထိုးစစ်ဆင်
တဲ့ အခါ ဗိဿနိုးမြို့ကိုသိမ်းယူနိုင်ခဲ့ပါတယ်။
ဗိဿနိုးမြို့ကို ပထမအကြိမ်တူးဖော်စဉ်ကပဲ မီးအကြီးအကျယ်လောင်ကျွမ်း
မှုကြောင့် ပျက်သုဉ်းခဲ့ကြောင်းတူးဖော်သူညွှန်ကြားရေးဝန် ဦးအောင်သော်
က ထုတ်ဖော်ပေးခဲ့ပြီးဖြစ်ပါတယ်။
အဲဒီမီးသွေးတွေကပဲ ရေဒီယိုကာဗွန်နည်းနဲ့ သက်တမ်းဖော်ထုတ်ခဲ့တဲ့
ခုနှစ်သက္ကရာဇ်တွေရဲ့ ရှေးဟောင်းသုသေသန အထောက်အထား
Archaelogical Evidence တို့နဲ့ ဆရာဦးရည်စိန်ရဲ့ ခေတ်ပြိုင်ရှေးဟောင်း
အိမ်နီးခြင်းနိုင်ငံတွေရဲ့မှတ်တမ်း တွေထဲက လင်(န်)ယန်(င်) ဆိုတဲ့မြို့အမည်
ကိုဖော်ထုတ်ရာကနေ တွေ့ရှိရတဲ့ ဗိဿနိုးမြို့ ကို အိန္ဒိယသားတွေက
အမည်တွေပြောင်းခေါ်နေပုံကြောင့် ဒီမြို့ မှာ ဘယ်သူတွေနေထိုင်ခဲ့ကြ
သလည်းဆိုတာတွေကနေတစ်ဆင့် သိရတဲ့ စာပေအထောက်အထား
Textual Evidenc တို့ဟာ ကိုက်ညီခဲ့ကြတဲ့အတွက် ဗိဿနိုးမြို့ဟာ
အေဒီ( ၅) ရာစုမှာ အပြီးတိုင် ဆိတ်သုဉ်းသွားခဲ့ပြီဖြစ်ပါတယ်။

ဆရာဦးရည်စိန်ကလည်း ခရစ်နှစ် (၃) ရာစုကနေ ( ၅ ) ရာစုထိ
တရုတ်မှတ်တမ်းတွေမှာ အသံဖလှယ်ပြီး ဆက်တိုက်မှတ်တမ်းတင်လာတဲ့
လင်(န်)ယန်(င်)ဆိုတဲ့ ဗိဿနိုးမြို့ကို တရုတ်ရှေးဟောင်း မှတ်တမ်းတွေမှာ
( ၅ )ရာစုနောက်ပိုင်းမှာ အသံလှယ်ထားခြင်း ဖော်ပြထားခြင်း လုံးဝမတွေ့
ရှိရတော့ပါလို့ဆိုပါတယ်​။

Myo Swe Than ၏ fb စာမျက်​နှာမှ  ကူးယူ​ဖော်​ပြပါသည်​။