Wednesday, July 16, 2014

" အသိုက်ကွဲ ငှက်၏ ဒဏ်ရာ "


" ခွမ်း "

မိသားစုဓာတ်ပုံမှန်ဘောင်လေး ကျကွဲသွားသည် ။
အောင်အောင်ကြားပါသည် ။
ဖေဖေနှင့် မေမေ ဖြစ်နေကျရန်ပွဲပါပဲ …

" မင်းအဲ့လောက်တောင် ကိုယ့်ကိုကိုယ်အထင်ကြီးနေရင်လည်း မပေါင်းနဲ့ပေါ့ကွာ "

" ရှင့်ကို ပေါင်းချင်လွန်းလို့များမှတ်နေလား ? "

ပြောပြောဆိုဆိုနှင့် မေမေအဝတ်တွေသိမ်းကာအိမ်ပေါ်က ဆင်းပါသည် ။

" ညည်းတို့ ကလေးမျက်နှာလည်းထောက်ကြပါဦးဟယ် "
ဖွားဖွား၏ စကားသံတို့သည် မျက်ရည်များပြည့်လျံနေ၏ ။

" မဟုတ်ဘူး အမေ …
ကလေးမျက်နှာထောက်နေလို့ ဒီအချိန်ထိသည်းခံနေလာတာ နို့မို့ဆို သူနဲ့အစောကတည်းက ပြတ်ဆဲတယ် "

ဖွားဖွား၏ ညှိနိုင်းမူ့ မအောင်မြင်လိုက်ပါ
ဖွားဖွားရင်ခွင်ကြားက ကျွန်တော့်ကို မေမေ တချက်ကြည့်ပါ၏ ။
ထို့နောက် လှည့်ထွက်သွားပါ၏ ။

မေမေကို နောက်ဆုံးတွေ့လိုက်ရသော တစ်ဒင်္ဂလေးပါပဲ . . .

မေမေ ထွက်သွားပြီ မကြာလိုက်
ဖေဖေ ထွက်လာသည် ။ လက်ထဲတွင်ခရီးဆောင်လက်ဆွဲအိပ်နှင့်

" သိန်းအောင် … နင်ကကော ဘယ်တုန်း …
အေးအေးကို လိုက်ချော့ပြီ ပြန်ခေါ်ခဲ့ သွားး "

" မရတော့ဘူး အမေ … ကျွန်တော် အလုပ်ကလွှတ်လို့ ပြည်ပကိုသွားရမယ်
ဒါကို သူ့ကို ရှင်းပြတယ် သူလက်မခံဘူး …
သား … လိမ်လိမ်မာမာနေနော် , ဖွားဖွားစကားနားထောင် "
ကျွန်တော့်ကို တချက်ပြုံးပြပြီး
ဤသို့ဖြင့် ဖေဖေလည်း ထွက်သွားပါ၏ ။

" မြေးလေး ငိုမနေနဲ့ တိတ်တော့ …
မာနခြင်းပြိုင်တဲ့ ပွဲမှာ … ငါ့မြေးလေးက ဓားစာခံလာဖြစ်ရတယ်လို့ကွယ် "

အခန်းထဲတွင် ကွဲလက်စ မှန်ဘောင်လေးက ကြမ်းပြင်ပေါ်မှာ ငြိမ်သက်လို့
တိပ်အနီလေးနဲ့ ပြန်ကပ်ကြည့်တော့ မှန်ဘောင်လေးအကောင်းအတိုင်းပြန်မဖြစ်ပေမယ့်
မိသာစုဓာတ်ပုံလေးတော့ အကောင်းအတိုင်းပြန်ဖြစ်သွား၏ ။

" အောင်အောင် … မြေးလေး
ဟာ . . . သွေးတွေအများကြီးပဲ မနာဘူးလာ
လာ အဖွားဆေးထည့်ပေးမယ် "

ဖွားဖွားရယ် ဖေဖေနဲ့မေမေသာ ပြန်လာရင် တစ်ကိုယ်လုံးသွေးတွေကုန်သွားပါစေ တိပ်လေးနဲ့ သားပြန်ဆက်ချင်ပါတယ် ။

နှစ်တွေသာ ကြာသွား၏
ဖေဖေကော မေမေကော ပြန်ရောက်မလာခဲ့ … ။

… … …

" အောင်အောင် … ခုံပေါ်တပ် မတ်တပ်ရပ်စမ်း "

အတန်းပိုင်ဆရာမစကားသံ၏ အဓိပ္ပာယ်ကို သေချာသိပါ၏
" စာမေးပွဲရလဒ်တွေက ဘာသာစုံ မကျရုံတမယ်ပဲ ဘယ်လိုဖြစ်တာလဲ
သား အရင်တုန်းက ဒီလိုမဟုတ်ပါဘူး "

ကျွန်တော် စကားမပြောပဲ နူတ်ဆိတ်နေလိုက်၏
" သား အောင်အောင် မင်းကို ဆရာမ မေးနေတယ်လေ "

ကျွန်တော် လုံးဝပြန်မဖြေ …

" ကိုယ့်အပြစ်ကိုယ်သိရင် ဟိုဘက်လှည့် တစ်ဘာသာကိုငါးချက်
လေးဘာသာကျတော့ အချက် ၂၀ "

ရိုက်ပါ ဆရာမရယ် အချက် ၂၀ မကပါဘူး အချက် ၁၀၀ ရိုက်လည်း ကျွန်တော်စာမေးပွဲ အောင်မှာမဟုတ်ပါဘူးး

" မနက်ဖြန် မိဘခေါ်လာခဲ့ "
တုန်နေတဲ့ နူတ်ခမ်းတွေနဲ့ ကျလာတော့မယ့် မျက်ရည်စက်တွေကို နူတ်ခမ်းစ'က သွေးစက်တချို့နဲ့ တားလိုက်တယ် ။

ကျောင်းပြန်လွှတ်တော့ ဆရာမဆင့်ခေါ်စာ လက်ကကိုင်လျက်

" အဲ့သည့်ကောင်ပေါ့ လေးဘာသာတောင်ကျတာလေ "
အတန်းထဲက ဇော်ခိုင်တို့ လှောင်နေကျခြင်းသာ
လူချင်းတော့မမျ ကျွန်တော်က လူကောင်သေးသေး သူတို့ကလူကောင်ကြီးကြီးတွေ
သို့သော် ဂရုမစိုက်နိုင်တော့ ကျွန်တော်ခုန်ထိုးသည် ထို့နောက် နပမ်းလုံးကြသည်

" ဟဲ့ … ဟဲ့ ဘာတွေဖြစ်တာလဲ "

" ငါ့သားကို ဘယ်က မိမနိုင် ဖ'မနိုင်က ထိုးတာလဲ "

ဇော်ဇော်၏ အမေအသံက နားထဲမှ နှလုံးသားကို စိမ့်သွား၏
ဟောသည့်သည်ကောင်က မိဘဆုံးမတာ ခံခြင်နေတဲ့ကောင်ပါဗျာ …

ဖူးရောင်နေသော မျက်နှာက မနာ
နှလုံးသားက စိမ့်နာ၏
ဖေဖေ ရယ်
မေမေရယ်
ဒီအချိန်မှာ ဖေဖေ နဲ့ မေမေသာရှိရင်လေ
သား သူများပြောတာခံရမှာ မဟုတ်ဘူးးး 

… … …

ဖွားဖွားက ဆေးထည့်ပေးရင်း ဆရာမ ဆင့်ခေါ်စာကိုဖတ်၏

" ငါ့မြေးက ဘယ်လိုဖြစ်လို့ စာမေးပွဲကျရတာလဲ
ငါးတန်း-A မှာ အတော်ဆုံးကျောင်းသားက စာမေးပွဲကျပြီး နောက်ဆုံးအဆင့်ရောက်ရတယ်လို့ကွယ် "

ကျွန်တော်ပြန်မဖြေပါ
အိပ်ယာစောစောဝင်ခဲ့၏

ထိုနေ့ညက ကြယ်မစုံပါ မိုးတွေတော့ခြိမ့်ခြိမ့်သည်းပါ၏
မေမေဖတ်ပြနေကျ ပုံပြင်စာအုပ်လေး စားပွဲထောင့်စွန်းမှာ မလှုပ်မယှက် …

… … …

ဆရာမနှင့် ဖွားဖွားတို့ ဘာတွေပြောကြသည် မသိ
ဇော်ဇော့်ကို ဆရာမ ခေါ်ဆူ၏ ။ ကျွန်တော်ကို စာကြိုးစားရန်ပြော၏ ။
ဆရာမ မျက်ဝန်းတို့သည် ထူးခြားနေ၏ ကျွန်တော့်ကို နှစ်သိမ့်ပေးရန်အသင့်ရှိနေသလိုဖြစ်နေ၏ ။ ကျွန်တော်လိုချင်တာ မိဘ မိဘ ပါ ဆရာမ … တခြားဘယ်သူမှ ကျွန်တော်မလိုအပ်ဘူးး ။

ညနေစာ ထမင်းကျွေးရင်း အဖွားက စကားစ,သည်

" မြေးလေး … နောက်အပတ်စာမေးပွဲ အဆင့်တစ်ရရင်
ဖွားဖွား , မြေးလေး ဖေဖေနဲ့ မေမေကို ခေါ်ပေးမယ် "

" တကယ်နော် … ဖွားဖွား . . .
ဖေဖေနဲ့ မေမေက တကယ်လာမယ်တဲ့လား ? "

" ငါ့မြေးလေး အဆင့်တစ်ရရင် သူတို့ပြန်လာရမှာပေါ့ "

" ကတိ နော် … ဖွားဖွား "
" ကတိပါကွယ် … ကတိ "

လမင်းကြီးက ပြည့်လုပြည့်ဆဲပါပဲ
ကြယ်တွေက ဟိုတစ်ကွက် သည်တစ်ကွက်နှင့်
လပြည့်ညကြီး ရောက်ဖို့ ကြယ်တွေစုံဖို့ ကျွန်တော် အဆင့်တစ်ရဖို့လို၏ ။

… … …

" အောင်အောင် ရီပို့ကဒ် လာယူပါ "

ဆရာမ၏ အသံကကြည်မျှနေ၏
" နောက်အပတ်တွေလည်း အဆင့် တစ်ရအောင် ကြိုးစားရမယ်နော် "

" ဟုတ်ကဲ့ ဆရာမ "

အိမ်အပြန်လမ်းတို့က ချောမွေ့နေ၏
မနက်က အဖွားကို ဒီနေ့ရီပို့ကဒ်ရမည်ဟု ပြောခဲ့သည်
အမှတ်စာရင် ကြိုပေါင်းကြည့်ထားခြင်းကြောင်း အဆင့်တစ်မှာ မလွဲမသွေကြောင်းပြောခဲ့သည် ။
ဖေဖေနဲ့ မေမေကို မနက်က ဖုန်းဆက်ထားလျင် ဒီအချိန်ရောက်လောက်ပြီပေါ့ ။

အိမ်တံခါးက ပွင့်လျက်သား ဒါဆိုပိုကျိန်းသေပြီ …

" ဖွားဖွား ဖေဖေနဲ့ မေမေကော ရောက်နေပြီလားဟင် ?
လမ်းမှာ ကားတွေပိတ်နေလို့ နောက်ကျနေတာပါ သားကို ဖေဖေနဲ့ မေမေက အံ့သြသွားအောင်လုပ်မလို့ ပုန်းနေတာမလားဟင် ?
ဒါမှမဟုတ် သားအတွက် အရုပ်အကြီးကြီးသွားဝယ်တာလား ?
မိသားစု သုံးယောက်ပုံ သားဆွဲထားတာရှိတယ် ဖွားဖွားရဲ့
အခန်းထဲမှာထားထားတာ ဖေဖေတို့ တွေ့သွားပြီးလားတောင် မသိဘူး !
သား နည်းနည်းနောက်ကျလို့ ဖေဖေနဲ့ မေမေကစိတ်ဆိုးပြီးပြန်ထွက်သွားတာလားဟင် ?
သားနောက်တခါ နောက်မကျစေရပါဘူးးး လို့ ပြောပေးပါ ဖွားဖွားရယ်
လာခဲ့လေမလားလို့
သားသိပါတယ် … ဖွားဖွားရယ် ဖေဖေနဲ့မေမေပြန်မလာမှန်း
ဒါပေမယ့်  မျှော်လင့်မိတာပါ "

ဖွားဖွားကမဖြေ ငိုချည်းသာနေ၏ ။

" ဖွားဖွားကို … ခွင့်လွှတ်ပါ မြေးရယ် "

Credit >> Ulay Kyi