Thursday, June 5, 2014

သင့်ဘ၀ထဲမှ လွှတ်ချသင့်သော အရာ(၁၀)ခု

ကျနော်တို့တွေ ပိုပြီးပျော်ရွှင်ဖို့၊ ပြီးတော့ ကျနော်တို့ဖြစ်ချင်တဲ့ လူတစ်ယောက်ဖြစ်လာဖို့အတွက် ကျနော်တို့ဘ၀ထဲကနေ လွှတ်ချသင့်တဲ့အရာတွေ ရှိပါတယ်။

ကျနော်တို့ဘ၀ဟာ ပျမ်းမျှအားဖြင့် အနှစ် ၇၀ လောက်ပဲ ရှိတယ်။ လူတွေအကြောင်း၊ ချစ်ခြင်းမေတ္တာ၊ အလုပ်အကိုင်၊ ငွေကြေး၊ ပြီးတော့ ကျနော်တို့ပြုလုပ်ခဲ့တဲ့အမှားတွေ၊ ဒါတွေကို သင်ယူရင်းနဲ့ အနှစ် ၂၀ လောက်ကို ကုန်လွန်ရတယ်။ (ဒါမှပဲ နောက်လာမယ့် အနှစ် ၅၀ လောက်ဟာ ပျော်ရွှင်စရာကောင်းမှာဖြစ်ပါတယ်) နောက်ထပ် ၁၀ နှစ်လောက်ကိုတော့ ကျနော်တို့ဟာ နှေးကွေးစွာပဲ ကုန်လွန်စေတော့တယ်။ ဒီတော့ ကျနော်တို့ အမှန်တကယ် အပြောင်းအလဲလုပ်ချင်တယ်ဆိုရင်၊ ပြီးတော့ ကျနော်တို့ အမှန်တကယ်မြတ်နိုးတဲ့ ဘ၀တစ်ခုကို ဖန်တီးဖို့ဆိုရင် ကျနော်တို့မှာ နှစ် ၄၀ လောက်သာ အချိန်ရပါတယ်။

အခု ဖော်ပြမယ့် အရာ ၁၀ ခုကို သင့်ရဲ့ဘ၀ထဲကနေ အပြီးအပိုင် လွှတ်ချလိုက်မယ်ဆိုရင် သင်ဟာ ပိုပြီးပျော်ရွှင်တဲ့၊ ပိုပြီး နှစ်လိုဖွယ်ကောင်းတဲ့ ဘ၀တစ်ခုကို နေထိုင်နိုင်ပါလိမ့်မယ်။

၁။ အဆိုးမြင်သမားများ

ကျနော်တို့အားလုံးရဲ့ ပတ်ဝန်းကျင်မှာ အဆိုးမြင်သမားတွေ ရှိကြပါတယ်။ ကျနော့်အနေနဲ့ သင့်ကို ဒီလူတွေကို စွန့်လွှတ်လိုက်ဖို့ ပြောရတာက လွယ်ပါတယ်။ ဒါပေမဲ့ သင်ဟာ နည်းလမ်းတစ်ခုတော့ ရှာဖို့လိုပါလိမ့်မယ်။

အဆိုးမြင်သမားတွေဟာ ကျနော်တို့ရဲ့ စွမ်းအင်တွေကို စုပ်ယူနေတဲ့သူတွေဖြစ်တယ်၊ သင့်ရဲ့ဘ၀ကိုလည်း သူတို့ရဲ့ အတွေးအခေါ်အတိုင်းဖြစ်လာအောင် လုပ်ကြလိမ့်မယ်။ အဲဒီလို အဆိုးမြင်သမားတွေဟာ ဘယ်သူတွေလဲဆိုတာ သင် စဉ်းစားကြည့်လို့ရမယ်ထင်ပါတယ်။

အဆိုးမြင်သမားတစ်ယောက်နဲ့ နီးနီးကပ်ကပ်အလုပ်လုပ်ရတာမျိုးဟာ သင့်အတွက် တော်တော်လေးခက်ခဲနိုင်ပါတယ်။ တဖြည်းဖြည်းချင်းနဲ့ သူတို့ကို သင့်ရဲ့ဘ၀ထဲကနေ လွှတ်ချလိုက်ပါ။ သူတို့ရဲ့ လမ်းကြောင်းကနေ တတ်နိုင်သမျှ ဝေးဝေးမှာနေပါ။

သင်လုပ်နိုင်တဲ့ နောက်ထပ်တစ်ခုကတော့ သူတို့ရဲ့ မကောင်းတဲ့အရာတွေကို ကောင်းတဲ့အရာတွေနဲ့ တုန့်ပြန်ဖို့ပါပဲ။ ဒါပေမဲ့ သူတို့က အဲဒါကို ကြိုက်မှာမဟုတ်ပါဘူး။ ဒီတော့ သူတို့ကိုယ်တိုင်ကပဲ သင့်ကို ရှောင်ဖယ်သွားပါလိမ့်မယ်။

၂။ သင်ပြုလုပ်ခဲ့တဲ့ အမှားများ

ကြားဖူးနေကျစကားလေးကိုပဲ ထပ်ပြောရပါဦးမယ်။
” ဘ၀မှာ သင့်ရဲ့အမှားတွေဟာ အနာဂတ်မှာ အဲဒီလိုထပ်မလုပ်မိစေဖို့ သတိပေးခြင်းတစ်ခုဖြစ်တယ်။”
အဲဒီလောက်ထိကို ရိုးရှင်းပါတယ်။

ဒီနေရာမှာ အမှားတွေနဲ့ပတ်သက်လို့ သင့်ရဲ့စိတ်က ဘယ်လိုတုန့်ပြန်သလဲဆိုတာ အရေးကြီးပါတယ်။ သင်ဟာ ဟောဒီနှစ်ခုထဲက တစ်ခုခုကို လုပ်နိုင်ပါတယ်။

၁) ငါဟာ ဒုက္ခတစ်ခုပဲ။ ငါ အမှားလုပ်ခဲ့တယ်၊ ငါဟာ အရှုံးသမားပဲ၊ ငါ့ကိုယ်ငါ လုံးဝရှက်တယ်၊ ငါဘယ်တော့မှ လူကြားထဲမှာ မျက်နှာပြရဲတော့မှာမဟုတ်ဘူး။

၂) ငါ အမှားလုပ်ခဲ့တယ်၊ နောက်တစ်ခါ ဒီလိုထပ်မလုပ်ဖြစ်တော့မှာ သေချာပေါက်ပဲ၊ ဒါပေမဲ့ အနည်းဆုံးတော့ ငါဟာ မလုပ်ရမယ့်အရာတစ်ခုကို သိသွားတာပဲ

ဘယ်သူမှ (ဘယ်သူမှ) ဘ၀မှာ အကြိမ်အနည်းငယ်မျှ မကျရှုံးဖူးဘဲနဲ့ အောင်မြင်သွားတဲ့သူဆိုတာ မရှိခဲ့ပါဘူး။ ဒီတော့ သင်ဟာ ပိုပြီးအောင်မြင်တဲ့၊ ပိုပြီးပျော်ရွှင်တဲ့ ဘ၀တစ်ခုကို နေထိုင်ချင်တယ်ဆိုရင် အမှားပြုလုပ်ခြင်းဟာ ရှောင်လွှဲလို့မရတဲ့အရာတစ်ခု ဖြစ်ပါတယ်။

၃။ သင့်ရဲ့ အတိတ်ကာလ

သင့်ရဲ့ အတိတ်ကာလနဲ့ပတ်သက်လို့ မေးခွန်းတစ်ခု မေးခွင့်ပြုပါ။

” သင် အတိတ်ကို ပြန်သွားပြီး အဲဒါကို ပြောင်းလဲနိုင်ပါသလား ?”

မပြောင်းလဲနိုင်ပါဘူး

ဒါဆို သင် ပြောင်းလဲနိုင်တဲ့အရာ ဘာမှမရှိတဲ့ အတိတ်က ဖြစ်ပျက်ခဲ့တာတွေကို ဘာကြောင့် တ၀ဲလည်လည် တွေးတောနေဦးမှာလဲ။ သင်ဟာ အတိတ်ကို ကျေရာကျေကြောင်း ပြုလုပ်နိုင်တယ်။ အတိတ်မှာ သင်ပြုလုပ်ခဲ့တဲ့ အရာတစ်ခုခုအတွက် ၀မ်းနည်းကြောင်း သင်က ပြောမယ်။ ဒါပေမဲ့ တကယ်ကျန်ခဲ့တဲ့ အချက်ကတော့ – အတိတ်ဟာ ပြီးဆုံးသွားပြီ၊ အဲဒါကို ပြန်မပြင်နိုင်တော့ဘူး ဆိုတာပါပဲ။

သင်ဟာ အတိတ်အကြောင်းကို ပိုပြီးတွေးလေ၊ သင့်ရဲ့စိတ်ဟာ အဲဒီအထဲမှာပဲ နေထိုင်လေပါပဲ။ ဒီတော့ အခုပစ္စုပ္ပန်မှာနေထိုင်ဖို့နဲ့ အနာဂတ်ကို လှမ်းမြှော်ကြည့်ဖို့ဟာ ခက်ခဲပါလိမ့်မယ်။

၎။ သင့်ရဲ့ ကိုယ်တိုင်ရေးပုံတူ

ကိုယ်တိုင်ရေးပုံတူဆိုတာ သင့်ကိုယ်သင် ရေးဆွဲထားတဲ့၊ ခြယ်မှုန်းထားတဲ့ ပန်းချီကားတစ်ခုပါပဲ။ ဒါကို သူများတွေလည်း ကြည့်နိုင်တယ်။ အဲဒီပုံကိုကြည့်တဲ့သူတိုင်းဟာ အမျိုးမျိုး ရှုမြင်ကြလိမ့်မယ်။ အနုပညာလက်ရာတစ်ခုလိုပဲပေါ့။ ဘ၀မှာလည်း ဒီလိုပါပဲ။

သင်ဟာ သင်တွေ့သမျှလူတိုင်းအတွက် တစ်ချိန်လုံး တူညီတဲ့လူတစ်ယောက်ဖြစ်နေမှာ မဟုတ်ပါဘူး။ သင်ဟာ သင်တွေ့ဆုံရတဲ့လူတွေအပေါ်မူတည်ပြီး အမျိုးမျိုး ပြုမူဆက်ဆံပါတယ်။ သင်ဟာ သင့်သူငယ်ချင်းတွေနဲ့ပြောဆိုသလို သင့်မိဘကို မပြောဆိုဘူး။ တကယ်တော့ သင် အဲဒီလို ပြုမူသင့်ပါတယ်။ သင်ဟာ သင့်တွေ့ဆုံသမျှလူတိုင်းအပေါ် တူညီစွာ ပြောဆိုဆက်ဆံဖို့ လုံလောက်တဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှု ရှိရပါမယ်။

ဒါကို နည်းနည်းလောက် ပိုတွေးကြည့်ပြီးတော့ သင်က ပြောချင်ပြောမယ်
” ကျနော် ဘောလုံးပွဲတွေကြည့်တဲ့အခါ ဆဲဆိုတယ်၊ အော်ဟစ်တယ်၊ အဲဒီအတိုင်း ကျနော့်မိဘတွေကို ပြောဆိုသင့်တယ် ထင်လို့လား ” လို့ သင်က မေးမယ်။
မဟုတ်ပါဘူးဗျာ။ ဘောလုံးပွဲမှာ အဲဒီလို ဆဲဆိုတာ၊ အော်ဟစ်တာတွေကိုသာ ရပ်လိုက်ပါ။

၅။ သင့်ကိုယ်သင် ၀မ်းနည်းနေတဲ့ ခံစားမှု

” သနားစရာငါပဲ” ဆိုတဲ့ ရထားကြီးကိုစီးပြီး “ငါဟာ ဒုက္ခတစ်ခုပဲ” ဆိုတဲ့ ဘူတာရုံထဲကိုဝင်သွားဖို့ဆိုတာ တစ်ခါတစ်လေမှာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အဲဒီရထားကြီးပေါ်မှာ ကြာကြာနေမိပြီဆိုရင်တော့ သင်ဟာ ပြန်ဆင်းဖို့ အခက်တွေ့ပါလိမ့်မယ်။

သင့်ကိုသင် လက်ဆွဲနှုတ်ဆက်လိုက်ပါ။ သင့်မှာ သင့်ဘ၀ကို အပြောင်းအလဲတွေလုပ်ဖို့ နှစ်အနည်းငယ်ပဲ ရတယ်၊ ဒီတော့ ” သနားစရာငါပဲ” ဆိုတဲ့ ရထားကြီးပေါ်က ခုန်ဆင်းပြီး ” ပျော်ရွှင်စရာ” ဆိုတဲ့ ကျွန်းကလေးဆီကို ဦးတည်လိုက်ပါ။

လွယ်လွန်းတယ်လို့ မထင်ဘူးလား၊ ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒါဟာ အမှန်တကယ် လွယ်ကူလို့ပါပဲ။

၆။ တစ်ချိန်လုံး ” Yes ” လို့ ပြောခြင်း

Yes လို့ ပြောရမယ့်အချိန်တွေရှိသလို No လို့ပြောရမယ့်အချိန်တွေလည်း ရှိပါတယ်။

Yes လို့ပြောရတာ သင့်အတွက် သက်သောင့်သက်သာမရှိတဲ့အခါ၊ ဒါမှမဟုတ် စိတ်ပျက်စရာကောင်းတဲ့အခါ၊ စိတ်ဖိစီးမှုဖြစ်စေတဲ့အခါ၊ အဲဒီအချိန်ဟာ No လို့ပြောရမယ့်အချိန်ပါပဲ။ အဲဒါ ဘယ်လောက်ပဲ ခက်ခဲသည်ဖြစ်စေ၊ သင်ဟာ နည်းလမ်းတစ်ခုကို ရှာဖို့လိုပါတယ်။

သင်အများအားဖြင့် yes လို့ ပြောနေကျအချိန်တွေမှာ ပထမဆုံးအနေနဲ့ No လို့ပြောလိုက်ခြင်းဟာ သင့်ရဲ့ဘ၀ကို ပြောင်းလဲဖို့ အများကြီး စွမ်းအင်တွေပေးပါလိမ့်မယ်။

ဒါကို အတွေးလွန်ပြီးတော့ အရာရာတိုင်းကို No လို့ ပြောရမှာမဟုတ်ပါဘူး။ သင့်ကို စိတ်မသက်မသာဖြစ်စေတဲ့၊ စိတ်ဖိစီးမှုတွေဖြစ်စေတဲ့အခါမျိုးမှာသာ No လို့ ပြောရမှာပါ။ ဒီတော့ သင်ဟာ အလုပ်တွေအများကြီးကို တစ်ပြိုင်တည်းလုပ်နေတယ်၊ သင် အရမ်းစိတ်ဖိစီးလာတဲ့အခါ အဲဒီအလုပ်တွေကို No လို့ပြောလိုက်ပါ။

သင်ဟာ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေတယ်၊ သင့်သူငယ်ချင်းတစ်ယောက်က သင့်ကို ဆေးလိပ်လာတိုက်မယ်၊ ထုံးစံအတိုင်းဆိုရင်တော့ သင်ဟာ Yes လို့ ပြောလိုက်မှာပါပဲ၊ ဒါပေမဲ့ No လို့ ပြောကြည့်ပါ။ သင့်အတွက် ပြောင်းလဲဖို့ခွန်အားတွေ ရပါလိမ့်မယ်။

၇။ လူတိုင်းကို စိတ်ကျေနပ်စေဖို့ ကြိုးစားခြင်း

လူတိုင်းကို စိတ်ကျေနပ်စေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ လုံးဝ မဖြစ်နိုင်ပါဘူး။ သင်ဟာ ကမ္ဘာမှာ နှစ်လိုဖွယ်အကောင်းဆုံး၊ ချစ်စရာအကောင်းဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေရင်တောင်မှ သင့်ကို အကြောင်းတစ်ခုခုကြောင့် မကြိုက်တဲ့သူတွေကတော့ ရှိနေမှာပါပဲ။

အဲဒါကို ဒီအတိုင်း ထားလိုက်ပါ။ လူတွေ သင့်ကို သဘောမကျဘူးဆိုတာ အိုကေပါတယ်။ အဲဒါဟာ သင့်ရဲ့ပင်ကိုဟန်ကနေ ခွဲထွက်ပြီး သူတို့တွေ သင့်ကို သဘောကျစေဖို့ကြိုးစားတာထက် ပိုပြီးတော့ အဆင်ပြေပါတယ်။

သင့်ရဲ့ ပင်ကိုအတိုင်း နေပါ။ သင်ဟာ သင့်ရဲ့ပင်ကိုအတိုင်းနေလို့ တစ်ယောက်ယောက်က သင့်ကို သဘောမကျဘူးဆိုရင်တောင်မှ အနည်းဆုံးတော့ သင်ဟာ သင့်ကိုယ်သင် လေးစားမှု ရှိနေမှာပါပဲ။

၈။ မှန်တာကို ပြောခြင်း

ဘာတွေကို မပြောသင့်ဘူး၊ ဘာတွေကို မပြောရဘူး၊ ဘယ်ဟာကတော့ နည်းနည်းအန္တရာယ်ရှိဆိုတာတွေကို ပြောရင်း ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပဲ ရူးသွားပါပြီ။

မကြာသေးခင်က ကျနော် CNN မှာ ဖတ်လိုက်ရတယ်။ New York ဟာ စံသတ်မှတ်တဲ့ စာမေးပွဲတွေမှာ ‘dinosaur’ နဲ့ ‘evolution’ ဆိုတဲ့ စကားလုံးတွေကို တားမြစ်ချင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစကားလုံးတွေဟာ အငြင်းပွားဖွယ်ရာလို့ ယူဆရတဲ့အတွက်ကြောင့်ပါတဲ့။

ကျနော်တို့ဟာ အကြောင်းအရာတစ်ခုနဲ့ပတ်သက်ပြီး အတွေးတစ်ခုရှိတယ်ဆိုရင် ကျနော်တို့ရဲ့ စိတ်ကို ပြောခွင့်ရှိပါတယ်။ ဒါဟာ သင်ပြောချင်တာတွေကိုပြောပြီး လူတွေကို စိတ်ပျက်အောင်လုပ်ရမယ်လို့ ကျနော်ပြောချင်တာမဟုတ်ပါဘူး။ ဒါပေမဲ့ သင့်မှာ တစ်ခုခုနဲ့ပတ်သက်ပြီး ထက်သန်တဲ့အမြင်တစ်ခု ရှိနေတဲ့ဆိုရင်တော့ အဲဒါကို ထုတ်ပြောပါ။ သင့်ရဲ့အသံကို တခြားသူတွေ ကြားပါစေ။

၉။ သင့်ရဲ့ ယုံကြည်ချက်ကို ကန့်သတ်ထားတဲ့အရာတွေ

ကျနော်တို့ဟာ လူသားတွေအနေနဲ့ ဖွံ့ဖြိုးပြီးသားဖြစ်တဲ့ အထူးခြားဆုံး ပါရမီတစ်ခုရှိပါတယ်။ အဲဒါကတော့ ကျနော်တို့ဟာ ကျနော်တို့ရဲ့ ယုံကြည်ချက်တွေ၊ အထူးသဖြင့် ကျနော်တို့ရဲ့ ယုံကြည်ချက်တွေကို ကန့်သတ်ထားတဲ့အရာတွေကို ပြောင်းလဲပစ်နိုင်တယ်လို့ သိရှိခြင်းပါပဲ။

ကျနော်တို့အားလုံးမှာ အဲဒီလို ယုံကြည်ချက်တွေ ရှိနေကြပါတယ်။ ဒါပေမဲ့ အချိန်အတော်များများမှာ သတိမထားမိကြပါဘူး။

သင့်ယုံကြည်ချက်ရဲ့ အကန့်အသတ်တွေကို စမ်းသပ်ကြည့်ဖို့ မေးခွန်းတစ်ခု မေးခွင့်ပြုပါ။

” သင့်ရဲ့ဘ၀မှာ သင် ဘာကို အမှန်တကယ် လုပ်ချင်ပါသလဲ ”

သင်ဟာ အဖြေကိုသိတယ်ဆိုရင်တော့ နောက်ထပ်မေးခွန်းတစ်ခုက

” ဘာက သင့်ကို အဲဒီအရာကို မလုပ်မဖြစ်အောင် တားမြစ်နေသလဲ ”

သင့်ရဲ့အဖြေတွေဟာ သင့်ယုံကြည်ချက်ကို ကန့်သတ်ထားတဲ့အရာတွေကို ဖော်ပြပါလိမ့်မယ်။

သင့်ရဲ့ ကန့်သတ်ထားတဲ့ယုံကြည်ချက်တွေကို သိတဲ့အခါ အဲဒါတွေကို သင့်ရဲ့ဘ၀ထဲကနေ လွှတ်ချလိုက်ပါ၊ ပြီးတော့ ပိုပြီး အပြုသဘောဆောင်တဲ့ ယုံကြည်ချက်တွေနဲ့ အစားထိုးပါ။ အဲဒါက သင့်ရဲ့ဘ၀မှာ ရှေ့ကို ဆက်တက်လှမ်းနိုင်ဖို့ တွန်းအားဖြစ်စေပါလိမ့်မယ်။

သင့်ကိုယ်သင်နဲ့ပတ်သက်လို့ ကန့်သတ်ထားတဲ့ ယုံကြည်ချက်တွေကို လွှတ်ချလိုက်ပါ။ ပြီးတော့ သင့်ကိုယ်သင် ယုံကြည်မှုအသစ်တွေနဲ့ စတင်ပါ။

၁၀။ အနာဂတ်ကို စိုးရိမ်ခြင်း

သင်ဟာ ဒီကနေ့ အကောင်းဆုံး ပြုလုပ်တယ်ဆိုရင်၊ သင့်ရဲ့ အနာဂတ်ကိုလည်း ဂရုစိုက်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

မူရင်းစာရေးသူ = Steven Aitchison