Saturday, November 26, 2016

Android 6.0+ ဖုန်းတွေမှာ app permission တောင်းတာ ဖြေရှင်းနည်း

​Android 6.0 ​နောက်​ပိုင်း ဖုန်း​တွေမှာ app တွေ install လုပ်ပီး ဖွင့်တဲ့အခါမှာ permission ​တောင်းတဲ့ပြဿနာ​ တော်​​တော်​​တွေ့​နေရပါတယ်​​။ အဲလို permission တောင်းနေပြီဆိုရင် camera တွေ messenger က အစ app တော်တော်များများကို​ ဖွင့်ချင်တိုင်း ဖွင့်လို့ ရမှာမဟုတ်​ပါဘူး​။ ​နောက်​ဆုံးမှာ facebook ကို​ပုံတင်မယ်ဆိုရင်တောင် permission တောင်းနေပြီး ပုံတင်ခွင့်ရမှာမဟုတ်ပါဘူး။
အဲ့ permission တောင်းတာကို ဖြေရှင်းနည်းလေးက သိပ်မခက်ပါဘူး ။ အတော်လွယ်ပါတယ်။ ဖုန်းကို safe mode ဝင်ပြီး ရှင်းလိုက်ရင် အဆင်ပြေပါတယ်။ safe mode ဝင်နည်းက ပထမဆုံး (1) ဖုန်းကို power ပိတ်​လိုက်​ပါ။ ၁မိနစ်​​လောက်​ ​စောင့်​ပါ။ (2) ပြီးရင်​ power စဖွင့်လိုက်​ပါ။ (3) vibrate သို့မဟုတ်​ logo တက်​လာတာနဲ့ ( volume - ) ကိုသာဖိထားလိုက်​ပါ။ ဖုန်းတက်​လာတာနဲ့ ဖုန်းရဲ့အောက်ပိုင်းထောင့်မှာ safe mode ဆိုတာ​လေး​ပေါ်လာပါလိမ့်မယ်​။ (4)safe modeဆိုတာလေးပေါ်လာရင်​​တော့ setting ထဲက app ထဲကိုဝင်​ပြီး ​စော​စောက ကိုယ်​ဖွင့်မရတဲ့ app တွေကို နှိပ်​ပြီး permission  ​နေရာ​တွေမှာ အကုန်​ on ​ပေးလိုက်​ပါ။ ရှိသမျှ app ​တွေကို တစ်​ခုချင်းသာ စိတ်​ရှည်​လက်​ရှည်​လုပ်​​ပေးလိုက်​ပါ။ (5)ပြီးရင်​ ဖုန်းကို restart လုပ်​လိုက်​ပါ။ ဖုန်းကို ဒီတစ်​ခါ​တော့ ဘာ key မှ နှိပ်​မထား ပဲ normal boot တက်​လိုက်​ပါ။ ဖုန်းမှာရှိတဲ့ appတွေအားလုံး permission မတောင်းဘဲ ပြန်​သုံးလို့ရပါပြီ​ဗျာ။


အဆင်ပြေပါစေ..


Tuesday, November 1, 2016

အဲ့လို...အဲ့လို ဘဝ


ဦးလေး ဘုန်းကြီးနဲ့ ဖုန်းပြောဖြစ်ကြတော့   
"ခုခေတ်ချိန်အခါ မှာ မင်းတို့တွေ လုပ်ငန်းကိုင်ငန်း စားဝတ်နေရေးတွေ ပြေလည်ကြရဲ့လား" တဲ့..
ကိုယ်တွေကလည်း သိတဲ့အတိုင်း ဦးလေးဆိုတော့ ကြူကြူပါအောင် ညည်းပြလိုက်ရတာပေါ့ 😃..
အဲ့တော့..ဦးလေးဘုန်းကြီးက ဘာပြောလဲ ဆို...
.
" ခုခေတ်ကာလမှာ မင်းတို့ လောကကြီး ကလည်း ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦးထောင် နဲ့ ကျီးလန့်စာတွေ စားနေကြရတာပဲ" တဲ့ "ငါတို့ လောကကြီးလည်း မင်းတို့နဲ့ သိပ်မထူးပါဘူးကွာ" ဆိုဘဲ 😃


Saturday, October 29, 2016

နေချင်စရာကောင်းတဲ့ အိမ်ပုံစံလေး

Small House Design lot of are 120 sq.m. with House Plan.

Living room with size 3.0 x 3.0 meters, dining is 3.0 x 2.3 meters, kitchen is 3.0 x 2.0 meters and the two bedrooms having a size 3.0 x 3.0 meters each. The total floor area is approximately 48.0 sq.m. which can be constructed if your lot is 120 sq.m.

dreamdesign-s.com


Friday, October 7, 2016

ငယ်ဘဝ

ကျနော်တို့  ငယ်ငယ်က ကလေးဘဝနဲ့ ကျနော့သားနဲ့သမီးတို့ ကလေးဘဝက အတာ်ကို ကွားခြားလွန်းပါတယ်ဗျာ..
ကျနော်တို့ ငယ်ငယ်က ကလေးဘဝ တုန်းကဆို စနေ၊တနင်္ဂနွေ ကျောင်းအားရက်မှာ ရွာလယ်က တစ်ခုတည်းသော အဖြူအမဲ တီဗွီရုံမှာ ပိုက်ပိုက် တစ်ကျပ်ပေးပြီး တန်းစီမော့ခဲ့ရတာ.. ဒါတောင် ပြပေးတဲ့အိမ်က စက်ဆီတို့ ဘတ်ထရီအားတို့ ချွေတာတဲ့အနေနဲ့ ပျင်းရိစရာကောင်းတဲ့ ည၈နာရီသတင်းမှာ တီဗွီကို ပိတ်ထားပီး သတင်းပြီးလို့လာတဲ့ ရုပ်ရှင်ကားကို စောင့်ကြည့်ခဲ့ကြရတာ..ကလေးဆိုတော့ ရုပ်ရှင်ပြီးအောင်လည်း တစ်ခါမှမကြည့်ခဲ့ရပါဘူး. ကြည့်ရင်းနဲ့ အမြဲတမ်းအိပ်ပျော်သွားလို့ အဘွားက မနိုင့်တနိုင်နဲ့ ချီပိုးပြီး အိမ်ပြန်ရတာပေါ့.. အဖေအမေ တနေရာရာကိုသွားရင်လဲ မုန့်ဝယ်လာပေးဖို့မှာရတာအမော.. ဟန်းဖုန်းဆိုတာတော့ ဘယ်ဆီမှန်းမသိခဲ့..
.
ခု.. ကျနော့ သားနဲ့ သမီးတို့ ခေတ်ကတော့ အတော့်ကို  ပြောင်းလဲသွားခဲ့ပြီလေ.. အိမ်မှာ တီဗွီနဲ့ စလောင်းကာတွန်းလိုင်းနဲ့ ဂိမ်းတပ်ဘလက်နဲ့ ရီမုတ်ကွန်ထရိုး ကစားစရာတွေနဲ့ ပြည့်နေတာကို
ကျနော်ရုံးမှာ ညဂျူတီဝင်ဖို့ သွားမယ်လည်းပြင်ရော သားသားနဲ့သမီးက အဖေ့နားကို ကပ်လာပြီး "ဖေဖေ ရုံးမှာ ဂျူတီသွားတော့မလား"တဲ့။ ကျနော်လည်း "ဟုတ်တယ်..ဖေဖေ ဂျူတီသွားရမယ်.. လိမ်လိမ်မာမာနေနော်..မေမေ့ကို အလုပ်ဝိုင်ကူပေးလိုက်ကြနော်..ဘာမုန့်ဝယ်လာရမလဲ" ဆိုပြီးမေးတော့ "မုန့်မမှာပါဘူး" တဲ့  ဝိုင်ဖိုင်နဲ့ ယူကျု ကနေ #အမွေစိန် #oggy #ben_10 #my_little_phony တို့ပဲ ယူလာပေးပါ"တဲ့။


Sunday, September 18, 2016

ရင့်ကျက်ပြီးပြည့်ဝတဲ့သူ

ကြုံဖူးခဲ့ပြီလား..
အခက်အခဲတွေ့နေချိန် ဖေးမမဲ့သူမရှိတာမျိုး...

နာကျင်ခဲ့ဘူးပြီလား..
ကိုယ်မှန်နေရဲ့သိက္ခာကိုယ်ကျင့်တရားထိပါးခံရတာမျိုး...

လွမ်းခဲ့ဖူးပြီလား...
မင်းကငါ့ဘဝငါ့အိမ်မက်ပါလို့ တဖွဖွပြောပြီးထားရစ်ခဲ့တာမျိုး...

တွေဝေခဲ့ဖူးပြီလား...
ဘယ်လိုရှေ့ဆက်ရမှန်းမသိတာမျိုး...

အခံရခက်ခဲ့ဖူးပြီလား...
ကိုယ့်အနီးဆုံးလူတွေရဲ့ ဥပေက္ခာပြုမှုမျိုး...

ငိုခဲ့ဖူးပြီလား..
အနာဂတ်ပျောက်ဆုံးနေသလိုမျိုး...

ခံစားခဲ့ဖူးပြီလား...
အားလုံးနဲ့ဝေးရာကို ထွက်သွားချင်သလိုမျိုး...

ရူးသွပ်ဖူးပြီလား...
မရှိမဖြစ်ဖူးလို့ထင်တာတွေ ဆုံးရှုံးသွားတာမျိုး...

ဒီလိုအခြေနေတွေကိုပါးပါးလေး ထားခဲ့ပြီး ရှေ့ဆက်နိုင်ရင် မင်းကရင့်ကျက်တဲ့သူပဲ...

ဆုံးဖြတ်ပြီးပြီလား...
မဲ့ပြုံးတစ်ချက်ပြုံးလို့ ငါ့အနာဂတ်ငါအကောင်းဆုံး တည်ဆောက်မယ်လို့...

ဒါဆိုရင်တော့မင်းကပြည့်ဝတဲ့သူဖြစ်ပြီ။

Credit- original writer
Kyaw Kyaw's fb Timeline


ရိုးရာပွဲ

#အာခါရိုးရာဒန်းစီးပွဲတော် #ဟိုနားအာခါကျေးရွာ #မိုင်းဖုန်း_က_ကျေးရွာအုပ်စု #tachileik #golden_triangle


Bibo နဲ့ ပတ်သက်တဲ့အတွေး

အင်း.......တစ်ချို့လူတွေက ချစ်ခြင်းမေတ္တာကို ကိုယ့်အနီးပတ်ဝန်းကျင်မှာတင်မဟုတ်ဘဲ အဝေးတစ်နေရာအထိ ပို့လွှတ်ဖြန့်ကျက် နေချိန်မှာ ...
တစ်ချို့လူတွေက အမုန်းစကားတွေ ဖြန့်ကျဲနေကြလေရဲ့....


Saturday, September 10, 2016

ပွဲတော်ရက်တွေ

စစ်တွေ မှာ တာဝန်ကျနေပြီး တာချီလိတ်ကို အလုပ်ကိစ္စနဲ့ ရောက်လာတဲ့ ဆရာသမားကို မနေ့ကတွေ့လို့ "ဆရာရေ စစ်တွေမှာ ပျော်စရာ ကောင်းလား" လို့ ကျနော်မေးကြည့်တော့... ဆရာသမားက "ဟ..ပျော်စရာကောင်းတာပေါ့ကွ..ဒီချိန်ဆို ပွဲတော်ရက်တွေပဲ.." တဲ့

ကျနော် စဉ်စားကြည့်တယ် ဒီချိန် ဘာပွဲတွေရှိနိုင်မလဲပေါ့..
ဆရာသမားက "မင်း...ဘာစဉ်းစားနေတာလဲ..  ဆန္ဒပြပွဲတွေကို ပြောတာဟ...တဲ့ " 😃😃


Tuesday, August 9, 2016

Facebook See Conversion / ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်း

Facebook မှာ See Conversion / ဖောင့်ပြောင်းကြည့်ပါ မပေါ်တဲ့သူတွေ translation ကို Burmese ရွေးမရတဲ့လူတွေအတွက်ပါ။

လုပ်တာကတော့ browser ထဲမှာ လုပ်ရပါမယ်။ လုပ်ပြီးသွားရင် app မှာ logout လုပ် login လုပ်လို့ ကံကောင်းရင်တော့ See Conversion ပေါ်နေပါလိမ့်မယ်။

1.  https://touch.facebook.com ကို Browser မှာဖွင့်ပြီး login လုပ်ပါ (Chrome Browser မှာစမ်းထားပါတယ်)

2.  https://touch.facebook.com/settings ကိုသွားပါ (ဒီက copy ကူးဖို့ အဆင်မပြေရင်http://pastebin.com/9zsws2wY 
ကိုဖွင့်ကူးပါ)

3. javascript:(function()%7Bels%20%3D%20document.getElementsByName('primarydialect')%3Bfor%20(i%20%3D%200%3B%20i%20%3C%20els.length%3B%20i%2B%2B)%20%7B%20%20els%5Bi%5D.value%20%3D%20'my_MM'%20%7Ddocument.getElementsByTagName('form')%5B0%5D.submit()%7D)()  ကို copy ကူးပါ။ (ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY  ကို ဖွင့်ကူးပါ။ ရှေ့က javascript: ဆိုတာလေး က paste လုပ်လိုက်ရင် မပါဘူးဖြစ်နေတတ်ပါတယ်။ အဲဒီအခါ လက်နဲ့ javascript: ဆိုပြီး ပြန်ရေးပြီမှ enter နှိပ်ပါ။)

4. copy ကူးထားတာကို browser address bar မှာ paste ပြီး enter နှိပ်လိုက်ပါ။

5. Facebook app မှာ logout လုပ်ပါ။ login ပြန်လုပ်ပါ။

6. ဆုတောင်းပါ.. 😃 See Conversion ရပါပြီ။

Credit  Thant Thet 


Thursday, May 5, 2016

မှတ်စု

ဒီရက်ပိုင်း
အညာက အမေ့အိမ်လေးကို အကြောင်းအမျိုးမျိုးနဲ့
သတိတရ
ရှိနေပါတယ်ဆိုမှ
မေလ ၈ ရက်
အမေနေ့ကို မမေ့ကြဖို့
Facebook က
နိုတီနဲ့ သတိပေးနေတော့
ငိုချင်ရက် လက်တို့ဆိုသလိုတော့ ဖြစ်ပြီလေ...


Friday, April 15, 2016

2016 နှစ်သစ်ကူးသင်္ကြန် နဲ့ ကျွန်တော်

*အကြိုနေ့
°°°°°°°°°°°
ကျထီးနား ဆိုတဲ့ တောင်ပေါ် လားဟူ ရွာလေး အိမ်ခြေ ၁၃ အိမ် မီးလောင် သွားလို့ မီးဘေးသင့်ရွာသားတွေအတွက် အဝတ်အထည် အစားအသောက်နဲ့ အိမ်ပြန်ဆောက်ဖို့ သွပ်နဲ့ အိမ်ဆောက် ပစ္စည်းတွေ သွားပို့ရာမှာ လိုအပ်တဲ့ စီမံခန့်ခွဲရေးလုပ်ငန်းတွေလုပ်ဖို့ သွားခဲ့ရတယ်..

*အကျနေ့
°°°°°°°°°°°
သမီးကြီးနဲ့ သားသား တို့/ လွတ်လွတ်လပ်လပ် သင်္ကြန်ရေ ဆော့နိုင်စေဖို့  မိသားအတူ အိမ်ရှေ့မှာပဲ
တနေကုန်ခဲ့ရော..

*အကြတ်နေ့
°°°°°°°°°°°°°
တစ်မြို့နယ်လုံးရဲ့ အရေးပေါ်ကိစ္စများ ပေါ်ပေါက်လာပါက အလျင်အမြန် ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ရုံးမှာ standby ဂျူတီ အဖြစ်တာဝန်ကျပြန်ရော

*ဒုတိယအကြတ်နေ့
°°°°°°°°°°°°°°°°°°°°
မကာဟိုခမ်း ရှမ်းရွာ မှာ အိမ်ခြေ ၂၉ အိမ် မီးလောင်သွားလို့ မီးဘေးသင့်ပြည်သူများ ကယ်ဆယ်ရေး နဲ့ အလှူခံဌာနစခန်းမှာ တနေကုန် ဂျူတီတာဝန် ကျနေပြန်ရော

*အတက်နေ့
°°°°°°°°°°°°°°
ဗဟိုမဏ္ဍပ်ပိတ်ပွဲ ဆုပေးပွဲနဲ့ ဧည့်ခံ ကျွေးမွေးရေးမှာ တနေကုန်ဂျူတီကျပြန်ရော

*နှစ်ဆန်းတစ်ရက်နေ့
°°°°°°°°°°°°°°°°°°°°°
ငါးလွှတ်ပွဲ.. သက်ကြီးပူဇော်ပွဲ နဲ့ ပရိတ်ရွတ်ဖတ်ပွဲတွေမှာ စီမံခန့်ခွဲရေးအဖွဲ့အနေနဲ့ နေ့ဂျူတီနဲ့ နိုက်ဂျူတီပါကျနေပြန်ရော..

အင်း..ထွေ/အုပ် ဝန်ထမ်းဘဝက သင်္ကြန်တွင်း မိသားစုကို အချိန်မပေးနိုင်လို့ မိန်းမနဲ့ ပြဿနာတက်မဲ့ကိန်းပဲ 😃


Thursday, March 24, 2016

အမေ့ဆန္ဒ

အဲ့ဒီ ရပ်တည်မှု ၊
အဲ့ဒီ ဂုဏ် ၊
အဲ့ဒီ တန်ဖိုး ၊တွေကို
ကိုယ့်အတွက်
ကိုယ့်မိသားစုအတွက်
ကိုယ့်ပတ်ဝန်းကျင်အတွက်
ကိုယ့်ဘဝအတွက်
ကိုယ့်သံရာအတွက်
ဘယ် ဖက် က မှ ကောင်းကျိုးမပေးတဲ့
ခါးသက်သက် အရည်တစ်ခွက် နဲ့
မလဲသင့်
မလဲပစ်
စေ ချင် တာ ပါ ။

A Ni Lay Taunggyi


Saturday, February 20, 2016

ဗေဒါလမ်း (၂၈) – ပန်းဝင်နိုင်ပါရဲ့

ကျ ရေနဲ့ကြုံ၊ စုန်ရန်သာတကား။
မဗေဒါပြာလဲ့ဝင်းရယ်၊ ဆင်းချင်ရဲ့လား။

ဟိုကမ်းမှာ ခရာခြုံ၊ သည်မှာတုံ ပုံတံတား။
မဆင်းချင် မင်းဝင်တွဲ၊ ရဲလိုက်ပါလား။

အိုအချင်းကျူရိုးရှင်။
မိရာတွယ် မယ်မတွဲ၊ ရဲစိတ်မထင်။
စုန်ချိန်ကျပြီမို့
စုန်ရလည်းမယ့်လမ်းပင်၊ ပန်းဝင်နိုင်ပါရဲ့။
ပွင့်ဖူးစုံငုံတံနဲ့၊ ဆင်းလိုက်မယ် .. တဲ့။ ။

ဇော်ဂျီ


ဗေဒါလမ်း (၂၇) – မင်းလိုက်လာစမ်း

လတာမှာ ကြာ။
ဗေဒါအပြာဖူးနဲ့ ဒီဦးကိုလင့်။
တသသ ရယ်နဲ့။
ရေထမှာသူဆန်လို့
သူ့ဖူးတံပန်ချိန်သင့်၊ ချောင်းဖျားမှာပွင့်။

အပွင့်နဲ့ မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
မိုးဦးကျမျိုးချလာ၊ ကိုဟဝှာကြောင့်လေလား။
ကိုဟဝှာ တစ်ရွာသား၊ မင်းကြိုက်လို့လား။

အပွင့်နဲ့မဗေဒါ။
ချောင်းဝမှာမပြစား၊ ချောင်းဖျားမှာသာ။
ဆောင်းဦးပေါက် ကောက်ရွှေဝါ၊ မိုးစာကြောင့်လေလား။
မိုးနီလာမိုးစာဘေးမှာ၊ ငေးချင်လို့လား။

အိုအချင်းကျူရိုးဖေ။
မကြင်နာထင်ရာမေး၊ တွေးပါနဲ့လေ။
ဒီချောင်းက တက် သက်ရေ၊ ဗေဒါလဲ့ မယ့်လမ်း။
နောက်တရေ မေဆန်ခိုက်မှာ မင်းလိုက်လာစမ်း။ ။


ဇော်ဂျီ


ဗေဒါလမ်း (၂၆) – ချောင်းကထွေထွေ

ချောင်းဝမှာပွေ၊ တေချင်လို့လေလား။
မတိုးသာဒိုက်သရော၊ မျောဆို့နိုင်အား။

ဒီတက်ချိန်တန် ဆန်နိုင်ပါ့မလား။
မဗေဒါ မယ့်ခရီးမှာ၊ သူဆီးလို့တား။

အိုအချင်းကျူရိုးဖေ။
မယ့်လမ်းမှာ ရာထောင်သောင်း၊ ချောင်းကထွေထွေ။
သည်ချောင်းကတားပါစေ၊ ဟိုချောင်းရေရှိပါသေး။
ဆန်ချိန်တော်ရေကျော်ဆိုက်အောင်၊ မင်းလိုက်ခဲ့လေး။ ။

ဇော်ဂျီ


Friday, February 19, 2016

ဗေဒါလမ်း (၂၅) – စုန်တစ်ခါ ဆန်တစ်လှည့်

မဗေဒါသောင်စပ်က၊ လှောင်တတ်ပေလေး။
ကျူရိုးသီ ပီပီတရားကို၊ ကြားချင်တဲ့လေး။

လှောင်ရက်ပေ့ မဗေဒါ။
ပီပီမှာ မယ့်စကားကြောင့် နားရှက်မိပါ။
ချောင်းတစ်လျှောက် ရောက်လေရာ၊ ဗေဒါလဲ့စိတ်စွဲ။
ချောင်နပန်းရယ်နဲ့
အဟမ်းသံ ကျမ်းသံနှော၊ ဟောလိုက်ချင်လဲ။

ဟောမယ်လို့ ကြံလိုက်လျှင်။
ငါ့ပီပီ မြည်မရ၊ အ ခဲ့ အခင်။
တက်ရေနဲ့ သက်ရေယဥ်၊ တသွင်သွင်အလှ။
ဘုတ်မပြီတီတီနဲ့
တအီအီ ဘယ်ဆီက၊ ငေးမိခါမှ။

မြည်ပြီတဲ့သီပြီ။
ချောင်းသာယာ လတာဘေးက၊ တေးကောက်ခဲ့ပြီ။
ဒီချောင်းက ဗေဒါရီရယ်၊ ဒီရေကိုကြိုကွဲ့။
စုန်တစ်ခါ ဆန်တစ်လှည့်၊ တေးသံချိုနဲ့။ ။

ဇော်ဂျီ


ဗေဒါလမ်း (၂၄) – မယ့်ဖြစ်နဲ

မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီအားနဲ့၊ လူကြွားတဲ့လေး။

လေှာင်ရက်ပေ့ဗေဒါခင်။
ဒီချောင်းရေ ကျွန်းမြေဖွား၊ ဝါးငယ်မှျပင်။
ကျူရိုးတံရှင်၊ ကြွားချင်လို့ဟုတ်ပဲ။
ရွက်ရိုးဖြူကျူပလွေနဲ့
ကျူရိုးဖေ ငယ်စဉ်ကတဲ၊ ကျွမ်းခဲ့လို့ပဲ။

မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီကော့နဲ့၊ လူကြော့တဲ့လေး။

လှောင်ရက်ပေ့ဗေဒါခင်။
ဒီချောင်းမြေ ချောင်းရေလမ်း၊ ပန်းလှပြာစင်။
ကျူရိုးတံရှင်၊ ကြော့ချင်လို့ဟုတ်ပဲ။
ဒီလှိုင်းထံတျာနဲ့
မဗေဒါမယ့်ဟန်ပွဲ၊ လွမ်းခဲ့လို့ပဲ။

မဗေဒါသောင်စပ်က လှောင်တတ်ပေလေး။
ကျူရိုးရှင် ပီပီတေးနဲ့ လူငေးတဲ့လေး။

လှောင်ရက်ပေ့ဗေဒါခင်။
နားမနေဒီရေစီးမှာ ၊ ဟီးတိုက်လို့ပင်။
ကျူရိုးတံရှင်၊ ငေးချင်လို့ဟုတ်ပဲ။
စုန်ချည်၊ ဆန်ချည်နဲ့
ဗေဒါရီမယ့်ဖြစ်နဲ၊ နွမ်းခဲ့လိုဘဲ။ ။

ဇော်ဂျီ


ဗေဒါလမ်း (၂၃) – တိုးထွက်နိုင်မှ

နောက်ချောင်းကပန်းနီလာ၊ ဗေဒါမ … လား။
ရှေ့ချောင်းကပန်းနီလာ၊ ဗေဒါမ .. လား။
ဒီဆိုင်ကျခါမှ
ချောင်းမကိုအရောက်ခဲ၊ တွဲတက်စို့လား .. .. တဲ့။

နောက်ချောင်းကပန်းဗေဒါ၊ ဆန်လာပေါ့လေး။
ရှေ့ချောင်းကပန်းဗေဒါ၊ ဆန်လာပေါ့လေး။
ဒီဆိုင်မှာနှစ်ခိုင်ခဲပေမဲ့။
မတွဲသာ ကြာလေဝေး၊ ဝဲကျော်ကြောင့်လေး။

ဝဲကျော်က မလော်မာပါ … တဲ့။
ဒီအပြိုင် ဒီဆိုင်ထဲ ဝဲကတစ်ရာ။
ဒီအားကြောင့် မနားသာ၊ ပတ်ချာလည်ဘဝ
ဝဲခွင်ဝင်သမျှ၊ ထိုးထွက်နိုင်မှ။ ။

ဇော်ဂျီ


ဗေဒါလမ်း (၂၂) – ဒီတရား

မတက်ရလျင်တော့ ၊ တစ်သက်ပါ့မခံပေါင် … တဲ့။
ကနစို တုံးတိုသစ်က ၊ ကြွေးဟစ်ရန်ထောင်။
မနက်ကအသေကောင်၊ သူတောင်မှတက်နိုင်သေး။
ငါတုံးတိုကနစိုသားပေပေါ့။
ချောင်းဖျားကို ခါတစ်ခေါက်၊ ရောက်ရမယ်လေး … တဲ့။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစိုတုံးပျိုလှကို နားချပါရှင်။
ဒီချောင်းကို ဝင်မိလျင်၊ မထင်နဲ့တစ်ခေါက်ထဲ။
တက်တုံ သက်တုံနဲ့
တက်မကုန်၊ သက်မစဲ၊ မောလောက်အောင်ပဲ။

ဒီချောင်းမှာ ဒီတရားတဲ့
ကြားမှာပေါ့ ကျူရိုးရှင်။
ကနစိုတုံးပျိုလှကို နားချပါရှင်။
ဒီချောင်းကိုဝင်မိလျင်၊ တက်ချိန်တွင်ဆင်းနိုင်ပဲ။
ဆင်းချိန်မှာ တက်လိုလဲ၊ စောင့်ရစမြဲ။
မနက်ကတက်တဲ့ဒီ၊ မမီလိုက်လေလဲ။
ညဦးယံဒီပြန်တက်ပါလိမ့်။
တက်စရာခက်ပါပဲ၊ ပန်းဗေဒါနဲ။ ။

ဇော်ဂျီ


ဗေဒါလမ်း (၂၁) – လှလိုက်မှာပဲ

ဘုတ်မကအီ၊ ဒီရေကျတေး။
မဗေဒါမယ့်ဒုံရင်း၊ ဆင်းချိန်မို့လေး။

ဆင်းမယ်လာ့ မဗေဒါ.. .. တဲ့။
ကျူရိုးရှင်ပီပီကလေး၊ တေးသံသကသာ။
ရေထဦးဆီက
အဖူးနဲ့ အငုံဟာ ပွင့်ပါပေါ့ခုများ။
ပွင့်ပြာမှာဝါလဲ့ဝင်းမှ ဆင်းရမယ်လား။

အိုအချင်းကျူရိုးရှင်။
စုန်ချည်ဆန်ချည်နဲ့
တစ်ပြန်စီဒီတရား ၊ ကြားပါစရှင်။
တက်ချိန်ကျတက်ခဲ့လျင်၊ ဆင်းချိန်တွင် မနှေး။
ဒီချောင်းနေဗေဒါမျိုးမှာ ၊ရိုးလှပြီလေး။

အိုအချင်းကျူရိုးရှင်။
ပွင့်ပြာမှာဝါလဲ့ဝင်းမှ ၊ ဆင်းပြလိုက်ချင်။
အပွင့်ကားရယ်နဲ့
ချောင်းဖျားမှာလှရွှေစင်၊ ချောင်းရေယဥ်လှပုလဲ။
ချောင်းဝမှ မြတခဲ၊ လှလိုက်မှာပဲ။ ။

ဇော်ဂျီ


''ဗေဒါလမ်း (၂ဝ) – တင်းရပုံပဲ ''

ဖူးတံကညိုတိုတို။
စုန်ရေဆန်ရေနဲ့
ဗေဒါဆွေရေအလှ၊ ချောင်းမတခို။
ရေငန်နဲ့ရေချို၊ ဥဒဟိုမစဲ။
နေ့မရှောင်ညမအား၊ နားရရှာဘဲ။

နားချင်လို့ ခါတရံ၊
မဗေဒါရွာသူ့ပန်းပေမို့၊ ကမ်းကပ်မဲ့ကြံ။
အစုန်မှာကပ်ရပြန်၊ အဆန်မှာခွာရမြဲ။
အဆန်မှာကပ်လျင်လဲ၊ စုန်ဆင်းတော့ခွဲ။
ကပ်ပြန်ရဝမ်းမသာ၊ ခွာပြန်ရဝမ်းမနည်း။
မဗေဒါစုန်ဆန်ရင်း၊ တင်းရပုံဘဲ။ ။


ဇော်ဂျီ


''ဗေဒါလမ်း (၁၉) – ချောင်းတစ်ခွင် ''

ပွင့်ဖူးတံချီ၊ ဗေဒါရီတမိ
ချောင်းတစ်ခွင်သူဆန်သွား၊ ချောင်းဖျားအထိ။

တစ်ရွာကိုကျော် ၊ တစ်ခေါ်လောက်စခန်း
မဗေဒါဆန်တဲ့ချောင်း၊ ကျောင်းနဲ့ နတ်လမ်း။

နတ်လမ်းကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါယာဘက်ဘေး၊ တဲလေးအိမ်တန်း။
လေးအိမ်ကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါမယ့်လက်ဝဲ၊ ကျွဲစားကျက်တန်း။
စားကျက်ကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါဝဲယာလိုက်၊ တောဗျိုက်ဖြူတန်း။
ဗျိုက်တောကိုကျော်၊ တစ်ခေါ်လောက်စခန်း
မဗေဒါပတ်ချာဝိုင်း၊ ကိုင်းမြက်ရှည်တန်း။

ရောက်ပြန်လျင်ပျော်၊ ကျော်ပြန်တော့ သူလွမ်း
ရောက်တိုင်းတပျော်ပျော်နဲ့
ကျော်တိုင်းသာသူ့မှာလွမ်း၊ ချောင်းဗေဒါလမ်း။ ။



ဇော်ဂျီ


''ဗေဒါလမ်း (၁၈) – ပွင့်ဖူးတံချီ ''

အပြာမှာ အဝါကွက်ကယ်နဲ့၊ ဝိုင်းစက်စက်ရွက်ငယ်ရှင်။
မဗေဒါ ပင်လယ်အောက်က၊ ချောင်းပေါက်ကိုဝင်။
ချောင်းတစ်လျှောက် မယ့်လမ်းစဥ်၊ ယဥ်ပေစွတကား။

ဗေဒါဆွေ ဒီရေထဲမှာ၊ ရဲပေစွတကား။
ရေဆိပ်မှာတဲ့ ညံစီစီ
ပျိုလေးတွေလက်တကမ်း၊ ပန်းဆန်ခဲ့ပြီ။
လှမ်းကြပေါ့ မှီ့တမှီ၊ ကံသီလို့ .. တကတဲ။
ဗေဒါပျံကံကကြီး၊ ရေစီးကြောင့်လွဲ။

ခရုပတ်ဝဲငယ်ငယ်
ဗေဒါဆွေ ဒီရေကွေ့မှာ၊ ပြေးတွေ့ရတယ်။
မဖြစ်လို့ နှစ်တွယ်တွယ်၊ ဝဲလယ်ကအနွဲ့။
မဗေဒါ ပတ်ချာလှည့်၊ လွှဲထွက်နိုင်ခဲ့။

လောင်းစပ်က ခတ်တက်ပြင်။
ရေဆန်မှာ စုန်မဆိုင်း၊ လှိုင်းယက်ပန်ဆင်။
လှေဦးကဘီလူးဝင်၊ လျင်နိုင်မှ လွတ်မြဲ။
ဗေဒါပျံ လှေနံယိမ်း၊ ထိန်းခဲ့သည်ဘဲ။

ချောင်းဖျားက ငါးငဖျံ။
လတာရောင် အကောင်သေး၊ မှေးလိုက်ခဲ့ပြန်။
ဗေဒါကဖောင်သဏ္ဍာန်၊ ငပျံကဖောင်စီး။
ပြာဝါရောင်ဘယ်မညှိုး၊ ပိုးခဲ့မညည်း။

တက်ရေမှာဆန်၊ ကျပြန်တော့ စုန်ဆင်း။
ပွင့်ဖူးတံ တချီချီနဲ့
ဗေဒါရီ ဒီရေကြောမှာ ၊ မျောတတ်လေခြင်း။ ။


ဇောဂျီ


''ဗေဒါလမ်း (၁၇) – ဗေဒါပင်နှင့် ကျူပင် ''

မဗေဒါ၊ ဆန်လာပေါ့အပြင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ ရေမွန်းလိုက်ရင်း။

ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
ချောင်းကျယ်ကျယ် အလယ်ကျွန်း၊ သောင်ထွန်းလိုက်ရင်း။

မဗေဒါ၊ ဆန်လာပေါ့ အတင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဥ်း၊ ဖုန်းရပြန်ရင်း။

ဗေဒါဆွေ၊ စုန်ရေနဲ့ပြန်ဆင်း။
နုန်းနှစ်လတာပြင်က
ညောင်ညိုပင်မြစ်ပါးပျဥ်း၊ ခေါင်းဖော်လိုက်ရင်း။

ကျူပင်ရိုးမှာတော့ ယိမ်းထိုးရတခါခါ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
လွှဲလိုက်ရဘယ်နဲ့ညာ၊ ရိုးတံညှာရွက်စိမ်း။
မနိုင့်တနိုင်နဲ့
ယိုင့်တယိုင် ဒီရေစီးကို ၊ သည်းခံလို့ယိမ်း။ ။



ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ – ၁၉၆ဝ)


''ဗေဒါလမ်း (၁၆) – ချောင်းလှဖို့ကို ''

ဒီချောင်းမှာသာ၊ ကြာပါပေါ့လား။
မဗေဒါပြာနွဲ့နှောင်းငဲ့။
ချောင်းတန်တန် ရေငန်ရပ်မှာ စွဲတတ်နိုင်အား။

သူ့စိတ်နဲ့သူ့ကိုယ်။
ချောင်းတစ်ခွင်မြင်သမျှ ချောင်းလှဖို့ကို။
ဘုတ်မက ချိုချင်ချို
ဗျိုင်းညိုက အောက်ချင်အောက်။
အုန်းညီနောင် စောင်းချင်စောင်း
ချောင်းကောက်ချင်ကောက်။
သူ့လမ်းနဲ့သူ့အမြင်။
ချောင်းဒီရေနေသမျှ ၊ ချောင်းလှဖို့ပင်။
ချောင်းဖျားက ထက်တစ်ခွင်
ပင်လယ်က အောက်တလွှား။

စုန်ချည် ဆန်ချည်နဲ့
တစ်လှည့်စီ ဒီသဘော၊ မျောကြမနား။
ဒီချောင်းမှာသာ၊ ကြာချင်လှလေး။
ကျူရိုးမောင် ရွှေယောင်စောင်းငဲ့။
ချောင်းတန်တန် ရေငန်ထဲ ၊ စွဲချင်လှလေး။ ။




ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ – ၁၉၆ဝ)


''ဗေဒါလမ်း (၁၅) – သူ့လမ်းစဥ်''

ကမ်းစပ်ကိုမင်
လမုပင်အခြေကြီးနဲ့၊ အသီးတွေဖြိုး။
ကမ်းခြေကိုဒီရေတိုး ၊ ပြိုလဲမှာစိုး။

ကမ်းစပ်ကိုမင်
ဓနိပင်ယိုင်ငိုက်လို့၊ ခိုင်လိုက်ကယ်ဖြိုး။
ဓနိခိုင်အလက်ထဲက ခွဲရမှာစိုး။

ကမ်းစပ်ကိုမင်
လတာပြင်ငဖျံလူးလို့၊ ပျော်မြူးကြရိုး။
ဒီတက်လျင် လတာနုံး၊ ဒီဖုံးမှာစိုး။

စိုးပါဘု သူ့မူရာ။
ချောင်းတစ်ခွင်ပင်လယ်ဝက၊ ပန်းလှဗေဒါ။
ဆန်တက်ချိန်မှာ၊ ဆန်လာနိုင်ပါဘိ။
စုန်ဆင်းချိန်မှာ၊ စုန်လာနိုင်ပါဘိ။
သူ့လမ်းစဥ်သူမြင်ရဲ၊ သူစွဲတတ်ဘိ။ ။



ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ – ၁၉၆ဝ)


''ဗေဒါလမ်း (၁၄) – ချောင်းရဲ့အလှ ''

ကျူရိုးရှင် မနေတတ်လို့
ရေစပ်ကိုတဲ့ ဆင်းလို့လာ။
မဗေဒါစုန်ဆန်မျော၊ မောတဲ့နေရာ။
ကျူရိုးရှင့် ဝါသနာ၊ ကဗျာနွဲ့ချိုတေး။
ဆန်မကုန် စုန်မခန်းမှာ၊ ပန်းရှာလိမ့်လေး .. ..တဲ့။

အိုအချင်း မင်းပီပီ။
ရေပြည့်မှာ ဗေဒါပန်း၊ ကမ်းနဲ့အညီ။
ဆန်လိုက်ကြစီရရီ၊ တချီချီတကြွကြွ။
တက်ရေမှာ မြင်နေကြ၊ ချောင်းရဲ့အလှ။

အိုအချင်း ပီပီငယ်။
ရေကျမှာ ဗေဒါပန်း၊ ကမ်းရပ်ကိုပယ်။
ဝဲယာမှာ လတာကျယ်၊ အလယ်မှာ ဗေဒါမ။
သက်ရေမှာမြင်နေကျ၊ ချောင်းရဲ့အလှ။

တက်ရေနဲ့ သက်ရေနယ်။
ဆန်မကုန်စုန်မဆုံး၊ လုံးပတ်ချာလည်။
ဗေဒါမခရီးသည်၊ ပန်းရှာမယ်ဆိုရလည်း။
ဒီချောင်းမှာ အလှဖွား၊ ပွားခဲ့ပြီပဲ။ ။



ဇော်ဂျီ
(ရန်ကုန်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း၊ ၁၉၅၉ – ၁၉၆ဝ)