Sunday, April 1, 2018

ရောင့်ရဲခြင်း

ပစ္စုပ္ပန်တည့်တည့်မှာနေမယ်
ဖြစ်နိုင်သမျှ စိတ်ချမ်းသာအောင်ထားမယ်
ကြိုးစားပြီး စိတ်ချမ်းသာအောင်နေမယ်။

တိမ်တွေရဲ့ရွေ့လျားမှုကိုမတွေးပဲ
အရောင်စုံနေကြပုံကို ငေးကြည့်မယ်။
ထိုက်တန်သူတွေသာ ရကြပါစေလို့
ဆုံးရှုံးခဲ့ရသမျှတွေကို ရောင့်ရဲမယ်။
မတတ်နိုင်တဲ့အရာတွေကို
မတတ်နိုင်ကြောင်းလက်ခံလိုက်မယ်။

တိတ်ဆိတ်မှုတွေဆီကိုပိုပြီးနီးအောင်သွားမယ်
လေပြေလေညင်းတိုင်းကို ကျေးဇူးတင်မယ်
အိပ်မက်တစ်ချို့ကို သူ့နေရာသူပြန်ပို့လိုက်တယ်။
သတိရတဲ့အခါ ပျော်နေမှာပါလို့တွေးမယ်
တစ်နေ့နေ့ဆိုတဲ့အကြောင်း
မတွေးဖြစ်အောင်နေမယ်။

ဓာတ်ပုံတစ်ချို့ကိုမြင်ရတဲ့အခါ ခပ်ဖွဖွလေး ပြုံးမယ်။
သိခဲ့တာတွေကိုရောမသိခဲ့တာတွေကိုပါ
တန်ဖိုးအတူတူထားလိုက်တယ်။
တစ်ချို့အရာတွေဖြစ်ဖို့အချိန်အကြာကြီးလိုတယ်
တစ်ချို့အရာတွေပျက်ဖို့အချိန်ခဏလေးပဲလိုတယ်။
ကိုယ်မတတ်နိုင်သမျှအရာရာအတွက်
ကိုယ့်ကိုယ်ကိုယ်ရော မင်းကိုရော
တစ်ပါးသူတွေကိုပါ အကုန် ခွင့်လွှတ်လိုက်တယ်။

အလင်းနဲ့ တစ်ခါဆုံဖို့
နှစ်ပေါင်းဘယ်လောက်ကြာအောင်
စောင့်ကြရမလဲ။
ကိုယ်ကတော့ မင်းကိုတွေ့ ဖို့
တစ်သံသရာလုံးကြာခဲ့ရတယ်။
တစ်ချို့အခိုက်အတန့်တွေက တစ်သံသရာစာလို့
အဲဒီလို ယုံကြည်လိုက်တယ်။

ရာသီအလိုက်ပွင့်နေတဲ့ပန်းတွေရဲ့ရနံ့မှာ
သတိရခြင်းတွေထပ်ဖြည့်လိုက်တယ်
လေပြေတွေ အနားရောက်လာတဲ့အခါ
သတိရမှုတိုင်းမှာ အေးမြစွတ်စိုပါစေ။ ။

မေဇော်