Tuesday, April 30, 2019

၁၀နှစ်ပြည့်နှစ်ပတ်လည်မှသည်....သက်ဆုံးတိုင်သို့

 10 Years Anniversary in Love  


Video click > 10 years anniversary in love from Facebook

လွန်ခဲ့သော ၂၀၀၉ ဧပြီ လ ၃၀ ရက်နေ့ကနေ ဒီနေ့ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့အထိ ဆိုးအတူကောင်းဖက် ဘဝမှာ နှိမ့်ချည်တစ်ခါ မြင့်ချည်တစ်လှည့် မငြီးမငြူဘဲ ဘေးမှာ အမြဲနေပေးခဲ့တဲ့အတွက် ချစ်ရတဲ့ ဂျူး ရယ် သမီးကြီး ဖြိုးပြည့်ပြည်စံ နဲ့ သားလေး နေနော်ဝင်း တို့ရေ ကျေးဇူးကမ္ဘာပါနော်။ ဒီနေ့ဒီအချိန် ကိုယ်တို့ရဲ့ (၁၀)နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့မှသည် သက်ဆုံးတိုင်သို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို အတူတူဆက်လက်ဖြတ်ကျော်ကြမယ်နော်။ ဂျူးနဲ့ မိသားစုကို ချစ်တယ်။


Saturday, April 13, 2019

ဘဝမှာ အတွေ့အကြုံအသစ်တွေနဲ့ စိန်ခေါ်တတ်စေဖို့


 မဲခေါင်မြစ်ဘေးက ဇွဲသာယာကမ်းခြေမှာ 


မိုးခေါင်ရေရှားတဲ့ အညာဒေသမှာ မွေးဖွားကြီးပြင်းလာတဲ့ ကျနော်ဟာ ပင်လယ်တို့ မြစ်တို့ မဆိုထားနဲ့ ရေအမြဲစီးဆင်းနေတဲ့ ချောင်းငယ်လိုဟာမျိုးတောင် စာသင်ကျောင်းမှာ ဆရာကပြောပြလို့ စိတ်ကူးနဲ့ မှန်းပြီးမြင်ယောင်ခဲ့ရသူပါ။ ခုချိန်မှာ ကျနော့ သမီးကြီးနဲ့ သားငယ်ကိုတော့ ကျနော့တုန်းကလို မဖြစ်အောင်ရယ် ရေစီးကြောင်းရဲ့သဘောသဘာဝနဲ့ ရေစီးထဲမှာ အသက်ရှင်သန်အောင် ဘယ်လိုနေရမလဲဆိုတာရယ် သိလာအောင် လက်ရှိနေထိုင်ရာ တာချီလိတ်နဲ့ အနီးဆုံးဖြစ်တဲ့ မဲခေါင်မြစ်ကို မကြာခဏဆိုသလို လိုက်ပို့ဖြစ်ခဲ့ပါတယ်။ နောင်တစ်ချိန်မှာ သူတို့လေးတွေဟာ ဘဝရေစီးကြောင်းမှာ ဘယ်လိုရပ်တည်နေထိုင်ကြရမလဲဆိုတာ အလိုလို သဘောပေါက်လာကြလိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။

Happy 10th years of wedding anniversary celebration  me and my family members. 2009-2019, April

 ယခင်နှစ်က ဒီအချိန်ကို ကြည့်ရန် 


Wednesday, April 10, 2019

“ဗိုလ်” ၏ အဓိပ္ပာယ်အစစ်အမှန်

အင်္ဂလိပ်ဘာသာဖြင့် ၁၉၉၁ ခုနှစ်၌ ထုတ်ဝေသော စာအုပ်မှ စာမျက်နှာ ၁၈၆ - ၁၉၁ ကို မြန်မာပြန်သည်။ ဗိုလ်ဟူသော ဝေါဟာရမှာ အစိုးရရုံးအသုံးအနှုန်းတွင် ကြည်းတပ်မှ ဗိုလ် သို့မဟုတ် “လက်ဖ်တင့်နင့်” ကို ဆိုလိုခြင်း ဖြစ်ပါသည်။ သို့သော်လည်း အများသုံးစကားတွင် စစ်အရာရှိများ၊ အမိန့်ပေးသူ များ၊ ခေါင်းဆောင်များကို “ဗိုလ်” ဟု ခေါ်လေ့ရှိပါသည်။

တိုင်းပြည် လွတ်လပ်ရေးရတော့မည် ဟူသော မျှော်လင့်ချက်ဖြင့် တက်ကြွနေသော ထွန်းသစ်စ ဗမာ့လွတ်လပ်ရေးတပ်မတော် ၁၉၄၂ ခုနှစ်တွင် မြန်မာ့မြေပေါ်ခြေချလာသည်နှင့် ၎င်းတပ်မှ အရာရှိများကို ရာထူးမရွေး “ဗိုလ်” ဟု ခေါ်ဝေါ်ခဲ့ကြပါသည်။ လူအများစိတ်ဓာတ်အရှိန်မြင့်မား၍ ဘေးအန္တရာယ် ထူပြောသော စစ်တွင်းကာလတွင် လူစွမ်းကောင်းများ ဈေးကောင်းလေရာ “ဗိုလ်” တိုင်းကို စွဲမက်ဖွယ်ရာ စိတ်ကူးယဉ်ပုံပြင်ဆန်ဆန် မသဲကွဲသော အတွေးဖြင့် ရှုမြင်ကြပါသည်။

၎င်းတို့အနက် ရှေ့ဆုံးမှ ထင်ပေါ်နေသူမှာ အောင်ဆန်းဖြစ်ပါသည်။ အသက် (၂၇) နှစ်ပင် မပြည့်သေးဘဲ စိတ်ဓာတ်အလွန်ပြင်းထန်ပြီး ဖြောင့်မတ်တည်ကြည်သဖြင့် မျိုးချစ်လူငယ် စစ်သေနာပတိအသွင်ဆောင်နေရာ ၎င်းနှင့်ပတ်သက်၍ သီချင်း၊ ကဗျာများ ရေးစပ်ရာ၌ စိတ်ကူးကွန့်မြူးလာကြပါသည်။

ငါတို့မြန်မာပြည်မယ် မိဘတိုင်းကကွယ်
ဗိုလ်အောင်ဆန်းလို အာဇာနည်အစစ်တွေ မွေးကြရမယ်
- ရာဇဝင်အတ္ထုပ္ပတ္တိလည်း ရှိရမယ်
မော်ကွန်းလည်း ထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဤကဲ့သို့ ချီးမြှောက်ခြင်းကြောင့် ပို၍ အသက်အားဖြင့်၎င်း၊ အတွေ့အကြုံအားဖြင့်၎င်း ပိုမိုသူများပင်လျှင် ယစ်မူးသွားနိုင်သော်လည်း အောင်ဆန်းမှာမူ မိမိ၏ ကိုယ်ပိုင်စံသတ်မှတ်ချက်များကြောင့် တည်ကြည်ခိုင်မြဲ ရှင်းလင်းပြတ်သားစွာဖြင့် လုံးဝစိတ်ထားမှန်အောင် ထိန်းသိမ်းခဲ့ပါသည်။ ထိုစဉ်က ကျင်းပလေ့ရှိသော အခမ်းအနားတခုတွင် အောင်ဆန်းအား ကမ္ဘာ့သမိုင်းတွင် ထင်ရှားမည်ဟု ချီးမွှမ်းသောဩဘာစာကို ဖတ်ကြားသောအခါ ကမ္ဘာ့သမိုင်းတွင်မဆိုနှင့်၊ ဗမာ့သမိုင်း၌ပင် နေရာမရသေးပါ ဟု အောင်ဆန်းက ကြွတ်ဆပ်ဆပ် မှတ်ချက်ချသွားခဲ့ပါသည်။

တော်လှန်ရေးလှုပ်ရှားမှု တလျှောက်တွင် စစ်တပ်ကို ဦးဆောင်ခဲ့သည့် နောက်ပိုင်းတွင် ပြန်လည် တည်ထောင် လိုက်သော ဗြိတိသျှအုပ်ချုပ်ရေးနှင့် စေ့စပ်ဆွေးနွေးခဲ့ပြီး ဘုရင်ခံ၏ အုပ်ချုပ်ရေးကောင်စီတွင် ဒုဥက္ကဌအဖြစ် ခန့်အပ်ခြင်းခံရသောအခါ၌ပင် အောင်ဆန်းက “ကျုပ်တို့ အခု မစရသေး၊ မလုပ်ရသေဘူး။ ဒါကြောင့် ချီးမွမ်းစရာရှိလည်း အခုချီးမွမ်းမခံချင်သေးဘူ။” ဟု ပြောနေတုန်းပင် ဖြစ်ပါသည်။

ထိုစဉ်အချိန်က ၎င်းသည် အမျိုးသားလူစွမ်းကောင်းအဖြစ်သို့ ရောက်ရှိနေပြီဖြစ်ပြီး နိုင်ငံတဝှမ်းတွင် “ဗိုလ်ချုပ်” ဟု သိရှိကြကာ မြန်မာပြည်သူပြည်သားတို့၏ ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခံနေရသူပင် ဖြစ်ပါသည်။ “ဗိုလ်ချုပ်” ဟူသည်မှာ ဒုတိယဗိုလ်ချုပ်ကြီးအောက်တွင်ရှိသော အဆင့်ပင်ဖြစ်သော်လည်း အောင်ဆန်းက ရယူလိုက်သောအခါ ယင်းရာထူးအဆင့်သည်လည်း မြန်မာပြည်တွင် အတုမရှိ၊ ထူးခြားအရေးပါသော အဓိပ္ပာယ် သက်ရောက်မှုရှိလာပါသည်။ ဗိုလ်ချုပ်ဟူသည်မှာ တပ်မတော်၏ ဖခင်၊ အင်အားကြီးသော ကိုယ်ကျိုးမကြည့်သော ခေါင်းဆောင်မှု၊ ဝေါဟာရအဓိပ္ပာယ်အရ “ဗိုလ်ချုပ်များ ကို အုပ်ချုပ်သူ” ဟု သဘောရပါသည်။

“ဗိုလ်” ပါဠိစာလုံး “ဗလ” (ခွန်အား) မှ လာခြင်းဖြစ်ပါသည်။ သို့သော်လည်း ချီးကျူးထိုက်သော ခွန်အားနှင့် မလိုလားအပ်သော အင်အားကို ခွဲခြားရသည်မှာ မလွယ်ကူလှပါ။ “ကာယ” ပြုလုပ်ခြင်းနှင့် “ဗလ” တို့ ပေါင်းစပ်လိုက်ပါက ဗလသက္ကာယ အကြမ်းဖက်ခြင်းဖြစ်လာပါသည်။ တနည်းဆိုရသော် လက်ခံနိုင်လောက်သော အကန့်အသတ် အတိုင်းအတာထက်ကျော်လွန်၍ ခွန်အားကို အသုံးပြုသောအခါ ဖျက်ဆီးခြင်းအဖြစ်သို့ ရောက်ရှိလာပါသည်။

ဤအန္တရာယ်ကို ကိုယ်ကျင့်တရားဖြင့် ထိန်းချုပ်ခြင်း မပြုပါက နိုင်ငံရေး သို့မဟုတ် လူမှုရေးအပြောင်းအလဲများကြောင့် ဝရုန်းသုန်းကား ဖြစ်နေသော အချိန်ကာလတွင် အောင်ဆန်းသည် လွတ်လပ်ရေးကြိုးပမ်းမှုတိုက်ပွဲကို ဦးစီးဦးကိုင်လုပ်ခဲ့ရသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းထွက် ဖြစ်သဖြင့် ၎င်းသည် စိတ်နှင့် စိတ်ဓာတ်တို့၏ စွမ်းအားနှင့်ဆိုင်သော သဘောတရားကို ငယ်စဉ်ကပင် သိရှိမည် ဖြစ်၍ ဗလငါးပါး (ဣနြေ္ဒငါးပါး သို့မဟုတ် စိတ်ကို ထိန်းသိမ်းနိုင်သောတရားများ) ကိုလည်း လေ့လာဆည်းပူးခဲ့မည် ဖြစ်ပါသည်။ ၎င်းတို့မှာ သဒ္ဓါ၊ ဝိရိယ၊ သတိ၊ သမာဓိနှင့် ပညာတို့ဖြစ်ပါသည်။ လောကီအလိုအရ ဗလငါးတန်ဖြစ်သော ကာယ၊ ဉာဏ၊ ဘောဂ၊ မိတ္တ၊ စာရိတ္တဗလတို့သည် လောကုတ္တရာအကျိုးဆောင် ဗလများထက် နိမ့်ကျပြီး ဂုဏ်သိက္ခာရှိစွာ အကျိုးပေးမည့်အင်အားများဖြစ်လာနိုင်ရန် ၎င်းတို့ကို စိတ်နှင့် စိတ်ဓာတ် ပြုစုပျိုးထောင်ခြင်းဖြင့် ထိန်းသိမ်းထားရမည်ဖြစ်ပါသည်။

တာဝန်ရှိသော စစ်အဖွဲ့အစည်တခုနှင့် ပေါင်းစပ်ရမည့် ပေါ်ထွန်းစ စစ်တပ်၏ စစ်သေနာပတိအဖြစ်၎င်း၊ မတည်ငြိမ်သော ပုဂ္ဂိုလ်ပေါင်းများစွာ ပါဝငိနေသည့် အမျိုးသားလှုပ်ရှားမှု၏ ခေါင်းဆောင်အဖြစ်၎င်း စည်းကမ်းဖြင့် မထိန်းထားသော အင်အား၏ လက်တွေ့အန္တရာယ်များကို ၎င်းက ကောင်းစွာသိရှိထားသူပင်ဖြစ်ပါသည်။ အောင်ဆန်းသည် ၎င်းတည်ထောင်ထားသော တပ်မတော်ကို စည်းကမ်းကြီး၍ ဂုဏ်ကျက်သရေရှိသော အဖွဲ့အစည်းအဖြစ် ရည်မှန်းထားပါသည်။

အနစ်နာခံခြင်း၊ ကိုယ့်စည်ကိုယ်ထိန်းခြင်း၊ ဖောက်ပြန်မှုကင်းခြင်း စသော ကျောက်သားပကတိခိုင်မာသည့် မြင့်မြတ်သောဂုဏ်အင်္ဂါများဖြင့် တည်ဆောက်ထားသောတပ်မတော်၊ ကိုယ်ပိုင်အကျိုးအမြတ်မမျှော်ကိုးဘဲ တိုင်းပြည်တာဝန်ထမ်းဆောင်ရန် မိမိ၏ခွန်အားကို လုံးဝပေးလှူထားသော တပ်မတော်သာဖြစ်ရမည်ဟု အောင်ဆန်းက ယူဆပါသည်။

လက်နက်အင်အားကို ဖိနှိပ်ချုပ်ချယ်ရာ ပစ္စည်းကိရိယာ အဖြစ် ထင်မှတ်စေမည့် သဘောထားများ၊ ရပ်တည်ချက်များကို ရှောင်ကျဉ်ပါရန် စစ်သည်တော်များအား အောင်ဆန်းက တိုက်တွန်းဆုံးမခဲ့ပါသည်။ အားကြီးသူက အားနည်းသူကို အနိုင်ကျင့်လိုသော လူ့သဘာဝကို ထောက်ပြ၍ မတရားပြုကျင့်သော အားကြီးသူတို့အား မကြောက်မရွံ့ဆန့်ကျင်ရန်နှင့် အားနည်းသူတို့အပေါ်တွင် ဖြောင့်မှန်တရားမျှတစွာ ပြုကျင့်ရန် အောင်ဆန်းက တိုက်တွန်းခဲ့ပါသည်။

“ဒီတပ်မတော်ဟာ ဒီနိုင်ငံ၊ ဒီလူမျိုးအတွက်၊ ဒီလူမျိုးတွေရဲ့ ကိုးကွယ်ရာ၊ လဲလျောင်းရာ၊ ဆည်းကပ်ရာဆိုတဲ့ အနေမျိုးဖြစ်ရမယ်။ ဒီလိုမဟုတ်ဘဲ ဒီတပ်မတော်ဟာ နိုင်ငံသူနိုင်ငံသားတွေရဲ့ စိတ်ထဲမှာ အော့နှလုံးနာစရာဖြစ်မယ်ဆိုလို့ရှိရင် ဒီတပ်မတော်ကို တည်ထောင်ထားတဲ့ ရည်ရွယ်ချက်ဟာ အလကားပဲဖြစ်မယ်” ဟုလည်း သတိပေးခဲ့၏။ (၃၀-၁-၄၄)။

တိုင်းပြည်က ကိုးကွယ်ဆည်းကပ်ထိုက်သော ထူးချွန်သည့်တပ်မတော်ဖြစ်လာစေရန် အဆက်မပြတ် ကြိုးပမ်အားထုတ်နေရမည် ဖြစ်ပါသည်။ သို့သော် ထူးချွန်သဖြင့် ခေါင်းဆောင်မှုပေးရန် အထူးအခွင့်အရေးရှိသော လက်ရွေးစင်လူတစု ဖြစ်လာရမည် မဟုတ်ပါ။ တပ်မတော်သည် လူတဦးတယောက်အတွက်၊ တဖွဲ့၊ လူတစု၊ အပါတီအတွက် တည်ထောင်းထားခြင်းမဟုတ်ဘဲ တပြည်လုံးအတွက် တည်ထောင်ထားခြင်းဖြစ်သည်ဟု အောင်ဆန်းက ရှင်းလင်းပြတ်သားစွာ ပြောဆိုထားပါသည်။ ၎င်းတို့၌သာလျှင် ပြည်ချစ်စိတ်ရှိနိုင်သည်ဟူသော အယူအဆကို ခံယူထားကြသည့် စစ်မှုထမ်းများ၏ သေးသိမ်မှေးမှိန်သော အမြင်ကိုလည်း အောင်ဆန်းက ပယ်ချပါသည်။

“တခြား စစ်သားမဟုတ်ပေမဲ့ နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ အမျိုးမျိုးစွန့်စားလုပ်တဲ့ လူတွေလည်း ရှိတာပဲ။ အဲ့ဒါကြောင့် စစ်သားမှ စစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်” (၁၃-၃-၄၄)။

အောင်ဆန်းက စစ်သားများကို တင်းမာပြင်းထန်စွာ သတိပေးဆုံးမနေရသည့်အချက်မှာ တပ်မတော်ကို နှိမ်လိုသောကြောင့်မဟုတ်ဘဲ “ငါတို့ဟာ လက်နက်ကိုင်လူတွေဖြစ်ကြသော်လည်း မတရားမလုပ်၊ နိုင်ငံရဲ့ ရန်သူတွေမဟုတ်၊ နိုင်ငံရဲ့ မိတ်ဆွေတွေဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ” ဟု ကိုယ်တိုင်မိန့်ကြားခဲ့ပါသည်။ (၁၃-၃-၄၄)။

တိုင်းပြည်၏ ဂုဏ်သိက္ခာဟူသည်မှာ ပြည်သူတို့၏ ဂုဏ်သိက္ခာဖြစ်သည်၊ ပြည်သူတို့၏ ဂုဏ်သိက္ခာသည် ၎င်းနှင့် ၎င်းစစ်သားများ၏ ဂုဏ်သိက္ခာနှင့် ခွဲခြား၍မရဟု အောင်ဆန်းက ယုံကြည်ထားပါသည်။ သူလိုလားသော စံပြလက်နက်ကိုင်တပ်ဖွဲ့ဆိုသည်မှာ စစ်မှုထမ်းတိုင်း၏ အပြုအကျင့်တို့သည် ၁၈ ရာစု နန်းတွင်းစာဆိုတော် လက်ဝဲသုန္ဒရ (၁၇၂၃-၁၇၉၉) ရေးသားဖွဲ့ဆိုထားသော နနိ္ဒသေနပျို့ပါ သဘောတရားဖြင့် ပြည့်ဝနေမည်ဖြစ်သော တပ်ဖွဲ့ပင်ဖြစ်ရပေမည်။

စစ်နည်းဗျူဟာ၊ ဘယ်လိုသာလည်း
စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း
ပြည်သူ့နှလုံး၊ မသိမ်းကြုံးလျှင်
ပြည်သူ့ခွန်အား၊ မကိုးစားလျှင်
ဓါးသွားလည်ကြွေ၊ လှံလည်းခွေအံ့။
(လက်ဝဲသုန္ဒရ၊ နန္ဒိသေနပျို့မှ)

လွတ်လပ်ရေးလှုပ်ရှာမှု အမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့စိတ်နှလုံးကို သိမ်းကြုံး၍၊ ပြည်သူ့အင်အားကို ကိုးစားကြောင်း ပို၍ သိသာထင်ရှားလာပါသည်။

လူတဦးတယောက်သည် မည်မျှလောက် စွမ်းပကားရှိစေကာမူ လူထု၏ အားပေးရိုင်းပင်းမှုမရှိဘဲလျက် ရာဇဝင်တွင်လောက်သော လုပ်ငန်းမျိုးကို ဖြစ်မြောက်အောင် မဆောင်ရွက်နိုင်” ဟု ယုံကြည်သည့်အလျောက် လွတ်လပ်ရေးကြိုးပမ်းမှုတွင် ပြည်သူတို့ကို ၎င်းနောက်မှ မြဲမြံစွာ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်ကြပါရန် ပန်ကြားခဲ့ပါသည်။ မဟုတ်မမှန်သော ကတိများပေး၍၎င်း၊ မြှောက်ပင့်ပြောဆို၍၎င်း၊ ထောက်ခံမှုရယူသောနည်းကို ၎င်းက မသုံးပါ။

စစ်ကြောင့် အကြီးအကျယ်ပျက်စီးနေရသည့် မြေပေါ်တွင် လွတ်လပ်သော ကိုယ်ထူကိုယ်ထ တိုင်းနိုင်ငံကို တညီတညွှတ်တည်း ဝိုင်းဝန်းတည်ထောင်ရန် ၎င်းနှင့် ပြည်သူလူထုအကြား အပြန်အလှန်ယုံကြည်မှုနှင့် ရိုသေလေးစားမှုတို့၏ တခုတည်းသောအခြေခံမှာ ရိုးသားဖြောင့်မတ်ပွင့်လင်းမှုပင် ဖြစ်သည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ယူဆပါသည်။ နိုင်ငံရေးတွင် လိမ်လည်လှည့်ဖြားမှု၊ ကောက်ကျစ်စဉ်းလဲမှုတို့ကို ဦးစားပေး ကျင့်သုံးနေခြင်းသည် ပြည်သူလူထုကို စော်ကားရာရောက်သည့်အပြင် မိမိ၏ သိက္ခာသမာဓိကိုလည်း ဖောက်ဖျက်ရာရောက်ပါသည်။ ပြည်သူပြည်သားအများစုသည် အသိတရားဖြင့် အမှားထက်အမှန်ကိုသာ တန်ဖိုးထားပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်ရှိသည်ဟု ယူဆ၍ အောင်ဆန်းက လုပ်ကိုင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။

ယင်းယူဆချက်သည် မှားယွင်းခြင်းမရှိပါ။ ၎င်း၏ ကြိုးပမ်းမှုများကို ပြည်သူလူထုက အပြည့်အဝ နားလည်သဘောပေါက်ကြပြီး စည်းလုံးညီညာစွာ ထောက်ခံအားပေး၍ တုံ့ပြန်သဖြင့် ၁၉၄၇ ခုနှစ် ဧပြီလ၌ ကျင်းပသော ရွေးကောက်ပွဲတွင် ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်မြောက်ရေး (ဖဆပလ) အဖွဲ့မှ ဝင်ရောက် ယှဉ်ပြိုင်သူအများစု အနိုင်ရခဲ့ပါသည်။ အောင်ဆန်းသည် အစိုးရအာဏာ၏ အဆင်အယင်၊ အဆောင်အယောင်များကို ဂရုစိုက်လှသူမဟုတ်သော်လည်း ပြည်သူတို့က ရွေးချယ်ထားသော ခေါင်းဆောင်ဆိုသည့်ဂုဏ်ကိုမူ ရိုးသားစွာမြတ်နိုးသူပင်ဖြစ်ပါသည်။ ခေါင်းဆောင်မှုတာဝန်များကို အောင်ဆန်း လေးလေးနက်နက် ခံယူထားပါသည်။ ခေါင်းဆောင်ဟူသည်မှာ သေရမည် သို့မဟုတ် ကဲ့ရဲ့ရှုတ်ချမည်ကို ကြောက်ရွံ့ခြင်းမရှိဘဲ မိမိမှန်သည်ဟု ယူဆသောကိစ္စကို သတ္တိရှိရှိဖြင့် လုပ်ကိုင်ရဲသဖြင့် လူထုက ယုံကြည်စွာ ပေးအပ်ထားသော အရာဖြစ်သည်ဟု အောင်ဆန်းက မြင်ပါသည်။

တိုင်းပြည်အပေါ်တွင်ထားရှိရမည့် ၎င်း၏ တာဝန်ဝတ္တရားများ ပျက်ကွက်ပါက ပေးထားသော ခေါင်းဆောင်မှုကို ပြည်သူက ပြန်လည်သိမ်းယူရမည်ဟုလည်း လက်ခံပါသည်။ ၎င်းနှင့် ၎င်း၏ အစိုးရအဖွဲ့ကို တိုင်းပြည်က ရိုသေလေးစားခြင်းမရှိတော့သောအခါတွင် ၎င်းတို့ ရာထူးမှ နှုတ်ထွက်မည်ဟု အောင်ဆန်းက ပြောသောအခါ အပြောသက်သက်မဟုတ်ဘဲ ဖျက်မည်မဟုတ်သော ကတိကို ပေးလိုက်ခြင်းဖြစ်သည်ဟု ပြည်သူတို့က သိရှိကြပါသည်။

အင်အားဆိုသည်မှာ တရားမျှတမှန်ကန်သော ဦးတည်ချက်အတွက် အသုံးပြုမှသာလျှင် တန်ဖိုးရှိသည်ဟု ယုံကြည်သော နိုင်ငံ့ခေါင်းဆောင် စစ်သည်တဦးအဖို့ ဂုဏ်သိက္ခာမရှိဘဲ အုပ်ချုပ်ခြင်းသည် နှစ်လိုဖွယ်ရာမဟုတ်ပါ။ ပြည်သူ့လူစွမ်းကောင်းဟူသည် ပြည်သူ၏ မျှော်မှန်းတောင့်တချက်ကို ကိုယ်စားပြုပါသည်။

လက်တွေ့ဘဝရှိ ခေါင်းဆောင်များမှာမူ ပြည်သူတို့၏ မျှော်မှန်းချက်များအား အကောင်အထည်ဖော်ပေးနိုင်မည့် အတိုင်းအတာကိုသာ ရောင်ပြန်ဟပ်နေကြပါသည်။ ကြုံခဲလှသော သမိုင်းအချိန်အခါများတွင် မျှော်မှန်းတောင့်တချက်နှင့် တကယ့်လက်တွေ့ဘဝတို့ တထပ်တည်း တိုက်ဆိုင်သွားသောအခါ၌ ပြည်သူလူထုသည် ကိုယ်ရောစိတ်ပါ အင်တိုက်အားတိုက် အစွမ်းကုန်လုပ်ဆောင်ကြပြီး အချင်းချင်း ညီညွှတ်ကြပါသည်။ ယင်းအချိန်အခါကို သတိရနေခြင်းဖြင့် သိက္ခာမဲ့၍ အောင်မြင်မှုခြောက်ခမ်းသော ကာလများတွင် အားမွေး၊ ဂုဏ်ယူနိုင်ပါသည်။ အောင်ဆန်းခေါင်းဆောင်သော တိုတောင်းလှသည့် ကာလအတွင်း၌ မြန်မာပြည်သူပြည်သားတို့သည် ၎င်းတို့ကိုယ်၎င်းတို့ ထိုက်ထိုက်တန်တန် ယုံကြည်အားကိုးခွင့်ရကြသူများတွင်ရှိသော မျှော်လင့်ချက်များ၊ လုပ်ချင်ကိုင်ချင်သော အင်အားများဖြင့် ပြည့်ဖြိုးနေကြပါသည်။ ၎င်းတို့၏ ဗိုလ်ချုပ်က ၎င်းတို့ကို စည်းကမ်းနှင့် လုံ့လဝိရိယမရှိဟူ၍ သူ့ဝသီအတိုင်း တုံးတုံးတိတိ ပြစ်တင်ကြိမ်းမောင်း ဆူပူသည့်အခါ၌ပင် ၎င်းတို့သည် စိတ်ပျက်ခြင်းမရှိကြဘဲ ဗိုလ်ချုပ်သည် မိမိ၏ ချို့ယွင်းချက်များကို မိမိကိုယ်တိုင် ပြင်ဆင်ရန် ဆန္ဒရှိသကဲ့သို့ ၎င်းတို့ကိုလည်း ၎င်းတို့၏ ချို့ယွင်းချက်များကို ပြင်စေလိုသည်ဟု အသေအချာသိရှိထားကြသဖြင့် ပို၍ပင် ကြိုးစားချင်စိတ် ပေါက်လာကြပါသည်။

“ဘဝဟူသည်မှာ အမှန်တရားနှင့် အပြစ်ကင်းစင်မှုကို ရှာဖွေသော မွန်မြတ်သည့် ခရီးစဉ်” ဟု အောင်ဆန်းက ယူဆထားပါသည်။ ဤသို့ ရှာပုံတော်ဖွင့်ရာတွင် သူနှင့်အတူ တိုင်ပြည်ကိုပါ သယ်ဆောင်သွားရန် ကြိုးစားခဲ့ပါသည်။ လက်တွေ့မကျလောက်အောင် မြင့်မားသည်ဟု ဆိုရလောက်သော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာ၌ အံ့ဩဖွယ်ရာအောင်မြင်မှုများသည် မြန်မာပြည်သူပြည်သားများ၏ အရည်အချင်းကို၎င်း၊ ပြောသည့်အတိုင်းလုပ်၍ သိက္ခာသမာဓိနှင့် ရိုးသားဖြောင့်မတ်မှုသည် လက်တွေ့နိုင်ငံရေး၏ ထိရောက်သော အခြေခံဖြစ်နိုင်ကြောင်းပြသခဲ့သော အောင်ဆန်း၏ စွမ်းရည်ကို၎င်း ဂုဏ်ပြုရာရောက်ပါသည်။

အောင်ဆန်းသည် စစ်သည်တော်တဦးဖြစ်သည့်အလျောက် တိုက်ခိုက်ရမည်ဆိုလျှင် အသေအချာတိုက်သူဖြစ်ပါသည်။ သို့သော် တိုက်ပွဲပြီးသောအခါတွင် ကြောက်ရွံ့ခြင်းမရှိဘဲ လက်နက်ကို ဘေးဖယ်ကာ ငြိမ်းချမ်းရေးလမ်းကို လိုက်ခဲ့သူ ဖြစ်ပါသည်။ ၎င်း၏ လက်ထဲသို့ နိုင်ငံရေးအာဏာ ရောက်ရှိလာသောအခါတွင်လည်း “ကျုပ်က မေတ္တာနှင့် သစ္စာကို ရှေ့ထားပြီး အုပ်ချုပ်မယ်” ဟု ဟန်မလုပ်ဘဲ ရိုးသားစွာပြောနိုင်သူပင်ဖြစ်ပါသည်။ ၎င်းအား ထောက်ခံသူများက ၎င်းသည် မိမိတို့၏ အသက်၊ မိမိတို့၏ ချမ်းသာမှုနှင့် မိမိတို့၏ ယုံကြည်မှုတို့ကို မဆင်မခြင် အကျိုးမဲ့အောင် လုပ်မည်မဟုတ်ဟု စိတ်ချနိုင်ကြပါသည်။

သူ၏ စကားအတိုင်း ဆိုရလျှင် အောင်ဆန်းသည် တိုင်းပြည်ကို “အရမ်းမဲ့ ဗြောင်းဆန်အောင်” လုပ်မည့် “နိုင်ငံရေး စတန့်မင်းသား” မဟုတ်ပါ။ ပြည်သူလူထုက ၎င်း၏ ခေါင်းဆောင်မှုကို ယုံကြည်မည်ဆိုပါက တနှစ်အတွင်း လွတ်လပ်ရေးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းစွာရယူမည်ဟု ရဲရဲကြီး အာမခံခဲ့ပါသည်။ “ကျုပ်ဟာ ကျုပ်ကတိကို မဖျက်ခဲ့ဘူးဆိုတာ ခင်ဗျားတို့ သိတယ်မဟုတ်လား”။ ဤစကားကို ၁၉၄၈ ခုနှစ် ဇန္နဝါရီ (၄) ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံအား လွတ်လပ်သော သမတနိုင်ငံဟု မကြေညာမီ (၁၁) လတိတိအလိုက ပြောခဲ့ခြင်းဖြစ်သည်။

တိုင်းပြည်လွတ်လပ်ရေးရသောအခါတွင် အောင်ဆန်း ကွယ်လွန်သွားပြီဖြစ်ပါသည်။ သူတပါးအား ဆင်ခြင်တုံတရားကို လက်ခံ၍ စိတ်ကောင်းစေတနာကောင်း အစစ်အမှန်ကို တုံ့ပြန်တတ်သော အသိဉာဏ်ရှိသည်ဟု ယူဆသည့် အခြေခံသဘောထားရှိသူ အောင်ဆန်းသည် အာဏာရရှိရေးကို ကိုယ်ကျင့်တရားထက်ပို၍ ဂရုပြုကြသော နိုင်ငံရေးပြိုင်ဖက်တို့၏ သစ္စာတရားကင်းမဲ့ခြင်း၏ ဒဏ်ကို ခံသွားရပါသည်။ မြန်မာပြည်အတွက် ၎င်းထားရှိသော ရည်မှန်းချက်များကို အကောင်အထည်ဖော်ရာတွင် ဂရုတစိုက်စဉ်းစားတွေးခေါ် အကြံဉာဏ်များထုတ်သကဲ့သို့ ၎င်း၏ ကိုယ်ရေးကိုယ်တာလုံခြုံမှုအတွက် ဂရုတစိုက်ရှိခဲ့ပါက အောင်ဆန်းသည် လုပ်ကြံသတ်ဖြတ်ခံရမည်မဟုတ်ဟု ပြောသူများရှိကြပါသည်။

သို့သော် သူသာ ထိုကဲ့သို့ ကိုယ်ကျိုးငဲ့သူဖြစ်ခဲ့ပါက “ခေါင်းဆောင်သည် နိုင်ငံ၏အင်အားဖြစ်သည်” ဟူသောထုံးကို အသက်သွင်းပေးလိုက်သော ဗိုလ်တကာ့ဗိုလ် မြန်မာပြည်သူပြည်သားများက ‘ငါတို့ ဗိုလ်ချုပ်’ ဟု သတ်မှတ်ထားသော ဗိုလ်အောင်ဆန်း ဖြစ်တော့မည် မဟုတ်ပါ။ ။

Source:

 http://www.ex-absdf.net/2011/12/freedom-from-fear-13.html 


 http://dobamaasiayone.blogspot.com/2013/01/blog-post_8840.html?m=1